နေပြည်တော်၊ ဒီဇင်ဘာ ၁၇

 

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၁၅ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မြန်မာစက်မှုဆိပ်ကမ်းကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ တာဝန်ကျစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကုန်သေတ္တာ(၁)လုံး အတွင်းမှ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားခြင်းမရှိသည့် Fancy Chain များ ဘူး(၅၇၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၂၅၀,၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီးအကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

အလားတူ မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မိတ္ထီလာခရိုင်၊ ပျော်ဘွယ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဈေးကွက်စောင့်ကြည့်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့စဉ် ပျော်ဘွယ်မြို့နယ်၊ နတ်မောက်လမ်းခွဲရှိ မြေဩဇာဆိုင်အတွင်းမှ တရား၀င်စာရွက်စာတမ်း အထောက်အထားတစ်စုံ တစ်ရာတင်ပြနိုင်ခြင်းမရှိသော ကုန်အညွှန်းအမှတ်အသားအား မြန်မာ ဘာသာဖြင့် ဖော်ပြထားခြင်းမရှိသည့် မြင်းပျံအမှတ်တံဆိပ်မြေဩဇာ (၅၄)အိတ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၄၂၅,ဝဝဝ)ကို သိမ်းဆည်းရမိခဲ့ပြီး သတ်မှတ်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

 

ထို့အတူ မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်(၂)စီးပေါ်မှ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာ ထားခြင်းမရှိသော ဖိနပ်များနှင့် အိမ်ဆောက်ပစ္စည်းများ(ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၀၃၈,၄၀၀)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသော မော်တော်ယာဉ်(၂)စီးနှင့် နောက်တွဲယာဉ်(၂)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၄,၀၃၈,၄၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိ သည်။

 

ထို့အပြင် ဒီဇင်ဘာ ၁၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာ မြို့နယ်၊ အမှတ်(၄)လမ်းနှင့် ငါးကန်လမ်းထိပ်ဆုံအနီး၌ မော်တော်ယာဉ်(၁)စီးပေါ်မှ တရားမဝင် ကျွန်းသစ်ခွဲသား (၁၂ ဒသမ ၀၂၆၂)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၉၃၇,၂၉၂)နှင့် အဆိုပါ သစ်များ တင်ဆောင်လာသော မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀)၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇,၉၃၇,၂၉၂)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ပါ၍ ဒီဇင်ဘာ ၁၅ ရက်နှင့် ၁၆  ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၀) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၁,၆၅၀,၆၉၂) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

(သတင်းစဉ်)