နေပြည်တော်၊ နိုဝင်ဘာ ၂
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၃၁ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တပ်မတော်(ရေ) ဦးဆောင်သော ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သဲချောင်းကျေးရွာ၊ ဒိုမယ်ကျွန်း ၊ သံကတော့အော် တောင်ဘက်ကမ်းခြေတွင် တရားမဝင် သစ်မျိုးစုံ (၁၀ ဒသမ ၂၈၇၄) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၅၄၃,၁၁၀)နှင့် အဆိုပါသစ်များတင်ဆောင်လာသည့် သစ်သားကိုယ်ထည်စက်လှေ(၁)စီးနှင့် ဆပ်စပ် ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၃၅၀,၀၀၀)ကိုလည်းကောင်း၊ တာရပိုင်းကျေးရွာ၊ ပင်ပွားကျွန်း အနောက်ဘက် ရေပြင်တွင် တရားမဝင် လေသရက်ခွဲသား (၅ ဒသမ ၂၀၂၈)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၈၀,၄၂၀)နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် သစ်သားကိုယ်ထည်စက်လှေ(၁)စီးနှင့် ဆပ်စပ်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၀၅၀,၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄,၇၂၃,၅၃၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲ မှုဖြင့် လှည်းကူးခရိုင်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့မှ ဒုတိယရဲမှူးကြီး ဦးဆောင်သော ပူးပေါင်းအဖွဲ့က ရန်ကုန်-ပဲခူးလမ်း၊ ဒရယ်ဘိုတိုးဂိတ်အနီးတွင် လိုင်စင်မဲ့ Hijet (Daihatsu) အမျိုးအစား မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၅၀၀,၀၀၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက် ရှိသည်။
ထို့ပြင် နိုဝင်ဘာ ၁ ရက်တွင် ကရင်ပြည်နယ်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော မော်တော်ယာဉ်(၁)စီး ပေါ်၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ပိတ်လိပ် (၁၀)လိပ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၅၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်း နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ရှမ်းပြည်နယ်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကျိုင်းတုံမြို့နယ်၊ နောင်နွန်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် အကောက်ခွန်ဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တာလေမြို့မှ တောင်ကြီးမြို့သို့ မောင်းနှင်လာသော ခရီးသည်တင်ယာဉ်(၁)စီးပေါ်၌ တင်သွင်းခွင့် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ထိုင်းနိုင်ငံထုတ် အလှကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂,၉၁၂,၀၀၀)ကို ဖမ်းဆီး ရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် နိုဝင်ဘာ ၂ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ညောင်လေးပင်ခရိုင်နှင့် သာယာဝတီခရိုင်များအတွင်း တရားမဝင် သစ်မျိုးစုံ (၉ ဒသမ ၆၄၇၄)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၈၂၃,၇၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ အောက်တိုဘာ ၃၁ ရက်၊ နိုဝင်ဘာ ၁ ရက်နှင့် ၂ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာအမှုတွဲ (၇)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ်၂၈,၄၅၉,၂၃၀ ) ဖြစ်ကြောင်း တရားမဝင်ကုန် သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။
(သတင်းစဉ်)