နေပြည်တော်၊ မတ် ၃၁
တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ် ၂၉ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် အေးရှားဝေါလ်ဆိပ်ကမ်း ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ တာဝန်ကျ အကောက်ခွန် စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားခြင်း မရှိသော ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁,၅၉၉,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
အလားတူ မတ် ၃၀ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မြန်မာ့စက်မှု ဆိပ်ကမ်းကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ တာဝန်ကျ အကောက်ခွန် စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားခြင်း မရှိသော အိမ်သုံးလျှပ်စစ်ပစ္စည်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၃,၉၅၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ လေဆိပ်ကုန်လှောင်ရုံ၌ တာဝန်ကျ အကောက်ခွန် စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားခြင်းမရှိသော ဆေးဝါးပစ္စည်းများနှင့် အလှကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၄၄၂,၁၆၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် မန္တလေးတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များမှ ဈေးကွက်အတွင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် လက်ကိုင်ဖုန်းမျိုးစုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈,၄၁၈,၅၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
အလားတူပင် မတ် ၃၁ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်၊ တောင်ငူခရိုင်၊ ပြည်ခရိုင်နှင့် သာယာဝတီခရိုင် သစ်တောကြိုးဝိုင်းများအတွင်း တရားမဝင် သစ်မျိုးစုံ (၄၁ ဒသမ ၅၁၆၂) တန်၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၇၃၂,၉၂၆) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထပ်မံ၍ စစ်ကိုင်းတိုင်းဒေသကြီး၊ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များမှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့နယ်အတွင်း မော်တော်ယာဉ် (၁) စီးပေါ်၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၆၈၈,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီအရေးယူ ဆောင်ရွက်လျက်ရှိသည်။
၎င်းအပြင် မကွေးတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မကွေးခရိုင်အတွင်း (လိုင်စင်မဲ့) မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၀၀၀,၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ မင်းဘူးခရိုင်နှင့် ပခုက္ကူခရိုင်များအတွင်း တရားမဝင် ချက်ဒီဇယ်ဆီပေပါများ တင်ဆောင်လာသော ကုန်တင်ယာဉ် ခြောက်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀,၀၀၀,၀၀၀) ကို ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၂,၀၀၀,၀၀၀) ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ မတ် ၂၉ ရက်၊ ၃၀ ရက်နှင့် ၃၁ ရက်များတွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၈) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀,၈၃၀,၅၈၆) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်