နေပြည်တော်၊ ဧပြီ ၂၇
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိရာ ဧပြီ ၂၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်အတွင်း တရားမဝင် ကျွန်းတံခါးချပ်နှင့် ကျွန်းတံခါးအပိုင်းအစများ (၃ ဒသမ ၃၄၅၀)တန်၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၀၀၃,၅၀၀) နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၀၀၀,၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆,၀၀၃,၅၀၀) ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေ နှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဧပြီ ၂၄ ရက်တွင် ရခိုင်ပြည်နယ်၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မောင်တောမြို့နယ်၊ နယ်မြေ(၉)၊ အင်းဒင်စစ်ဆေးရေးဂိတ်တွင် ပူးပေါင်းစစ်ဆေးရေး အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အငူမော်ဘက်မှ မောင်တောဘက်သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်တွင် တရားမဝင် သယ်ဆောင်လာသော အကယ်ဒမီ ၁၀၀ ရာခိုင်နှုန်း စာတန်းပါ အလျား ၂ လက်မ၊ အနံ ၁ လက်မခန့်၊ တစ်တုံးလျှင် ၁၀ ကျပ်သားခန့်ရှိ ရွှေရောင်အတုံး (၃၅)တုံး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၀၀,၀၀၀,၀၀၀) ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက် လျက်ရှိသည်။
အလားတူ ဧပြီ ၂၅ ရက်တွင် ရခိုင်ပြည်နယ် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ကုတ်မြို့နယ်၊ ဆားပြင်ကြိုးဝိုင်းအတွင်း တရားမဝင်သစ်မျိုးစုံ( ၂ ဒသမ ၉၈၅၄) တန်၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၈,၉၇၈) ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိ သည်။
ယင်းအပြင် ဧပြီ ၂၇ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ်၊ မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကုန်တင်ယာဉ်(၁)စီးပေါ်၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ဘီယာများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁,၂၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် ကုန်တင်ယာဉ်(၁)စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆,၀၀၀,၀၀၀) စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၇,၂၀၀,၀၀၀) ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
အလားတူ မန္တလေးတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် (၁၆)မိုင် ကျောက်ချော စစ်ဆေးရေးစခန်း၌ အကောက်ခွန်ဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် အလှကုန်ပစ္စည်းများ(ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၆၈၀,၀၀၀) ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဧပြီ ၂၄ ရက်၊ ၂၅ ရက် နှင့် ၂၇ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၆) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၄၅,၀၉၂,၄၇၈) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင် ကော်မတီမှ သိရသည်။
(သတင်းစဉ်)