နေပြည်တော်၊ အောက်တိုဘာ ၁၆
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၁၂ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က သတင်းအရ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်၊ ထိန်ပင်မြောင် ကျေးရွာရှိ နေအိမ်တစ်အိမ်၏ ခြံဝန်းအတွင်း၌ တရားမဝင် ကျွန်းသစ် (၀ ဒသမ ၉၀၈၈) တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၉၉,၈၀၈) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ အောက်တိုဘာ ၁၄ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့က သတင်းအရ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်ရှိ ဂိဒေါင်တစ်လုံးအတွင်း၌ တရားဝင်စာရွက် စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသော BUD BEER ၊ MUHAK SOJU နှင့် SPY WINE များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀,၅၂၉,၄၄၀) ကိုလည်းကောင်း၊ ချမ်းအေးသာစံမြို့နယ်၊ ဟေမာဇလရပ်ကွက်ရှိ နေအိမ်အတွင်း၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြ နိုင်ခြင်းမရှိသော DUNFIFE Blended Scotch Whisky နှင့် Fortant De France Skalli Wine များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀,၉၆၅,၆၀၀) ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၁၃၁,၄၉၅,၀၄၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ အောက်တိုဘာ ၁၅ ရက်တွင် ကရင်ပြည်နယ်၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ် (တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ တာဝန်ကျ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားခြင်းမရှိသော မော်တော်ဆိုင်ကယ်တာယာများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁,၅၀၀,၀၀၀) ကို သိမ်းဆည်း ရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ကချင်ပြည်နယ်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မိုးညှင်းမြို့နယ် သစ်တောဦးစီးဌာနဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ပုံမှန်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့စဉ် မိုးညှင်းမြို့နယ်၊ ရွှေဘို - မြစ်ကြီးနား ပြည်ထောင်စုကား လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၉၁/၀)၊ ညောင်ကိုင်းကျေးရွာအထွက် (၄) ဖာလုံခန့်အကွာ၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားမဝင် ကျွန်းသစ်(၁.၃၈၈) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၈,၀၄၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့် အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
၎င်းအပြင် အောက်တိုဘာ ၁၆ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မုံရွာမြို့ ကျွဲရဲပူးပေါင်းစစ်ဆေးရေးဂိတ်၌ ပူးပေါင်း စစ်ဆေးရေးအဖွဲ့က လိုင်စင်မဲ့ TOYOTA KLUGER မော်တော်ယာဉ် တစ်စီးနှင့် TOYOTA IPSUM မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၅၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထပ်မံ၍ ပဲခူးတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်နှင့် သာယာဝတီခရိုင်များ အတွင်း တရားမဝင်သစ်မျိုးစုံ (၃၁ ဒသမ ၉၇၄၂) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁,၈၂၅,၆၆၄) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိ သည်။
သို့ဖြစ်ပါ၍ အောက်တိုဘာ ၁၂ ရက်၊ ၁၄ ရက်၊ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၁၃)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၆,၃၇၈,၅၅၂) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်