နေပြည်တော်၊ ဇူလိုင် ၇
    
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၄ ရက်တွင် အ‌ကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ်၊ မရမ်းချောင်အမြဲတမ်း စစ်ဆေးရေး စခန်း၌ တာဝန်ကျပူးပေါင်းဖွဲ့က စစ်‌ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင် လာသော ကုန်တင်ယာဉ်(၁)စီးပေါ်၌  သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားထက် ပိုမိုတင် ဆောင်လာသော မော်တော်ယာဉ်အပိုပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇,၁၅၀,၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် နောက်တွဲယာဉ်ပါ Man အမျိုးအစား (၂၂)ဘီး ကုန်တင်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀,၀၀၀,၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၇,၁၅၀,၀၀၀)ကို  သိမ်းဆည်းရမိခဲ့ပြီး အကာက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
    
အလားတူ ဇူလိုင် ၆ ရက်တွင်  မွန်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်း စစ်ဆေး‌ရေးအဖွဲ့က မော်လမြိုင်မြို့၊ ‌ညောင်ပင်ဆိပ်ရပ်ကွက်၊ အတ္တရံတံတား (စက်မှုဇုံဘက်ခြမ်း)၌ ဘားအံမြို့မှ မော်လမြိုင်မြို့ဘက်သို့ မောင်းနှင်လာသော  ‌မော်တော်ယာဉ်များအား စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်(၃)စီးပေါ်၌  တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် အကောက်ခွန်မဲ့ သစ်သီးမျိုးစုံနှင့် စားသောက်ကုန်မျိုးစုံ (ခန့်မှန်း တန်ဖိုးငွေကျပ် ၄,၁၆၇,၉၀၀)ကို လည်းကောင်း၊ ထိန်းချုပ်ဓာတုပစ္စည်းများဖြစ်သည့် အမိုနီယမ်နိုက်ထရိတ် ကီလိုဂရမ်(၅၉၅၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၇၁၀,၀၀၀)ကို လည်းကောင်း၊ အဆိုပါ ပစ္စည်းများကို တင်‌ဆောင်လာသည့် HONDA ODYSSEY အမျိုးအစား မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၀၀၀,၀၀၀)၊ NISSAN CARAVAN အမျိုးအစား မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀)နှင့် TOYOTA HIACE အမျိုးအစား မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀)တို့ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၄,၈၇၇,၉၀၀)ကို ဖမ်းဆီးရမိ ခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
    
ယင်းအပြင် အဆိုပါနေ့ရက်တွင် မွန်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သထုံ-ဘားအံကားလမ်း၊ ကြာပန်းတိုးဂိတ်အနီး၌ တရားမဝင် ကျွန်းသစ်ခွဲသား(၁ ဒသမ ၅၉၄၆)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၀၅၂,၄၃၆) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ‌ဆောင်ရွက်လျက်ရှိသည်။ 
    
ထို့အတူ ဇူလိုင် ၇  ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရွှေဘိုမြို့နယ်အတွင်း လိုင်စင်မဲ့ ဆိုင်ကယ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀,၀၀၀)နှင့် ခန္တီးမြို့နယ်အတွင်း  လိုင်စင်မဲ့ ဆိုင်ကယ်(၄)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၀၀၀,၀၀၀) စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၁,၁၅၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
    
အလားတူ ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲ မှုဖြင့် သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်၊ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်များအတွင်း တရားမဝင် ကျွန်းသစ်၊ သစ်မာနှင့် အခြားသစ်မျိုးစုံ (၄၈ ဒသမ ၃၉၈၂)တန်(ခန့်မှန်းတန်ဖိုးငွေကျပ်၂၆,၉၈၆,၆၅၄)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူ‌ဆောင်ရွက်လျက်ရှိသည်။
    
သို့ဖြစ်ပါ၍  ဇူလိုင် ၄ ရက်၊ ၆ ရက်နှင့် ၇ ရက်များတွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၂၅)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၁,၂၁၆,၉၉၀ ) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။ 

(သတင်းစဉ်)