နေပြည်တော် ဖေဖော်ဝါရီ ၂၆
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရား မဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိရာတွင် ဖေဖော်ဝါရီ ၂၄ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာမွန်ပြည်နယ်၊ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ ပူးပေါင်းအဖွဲ့က ဘားအံ မြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော မော်တော်ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်း မရှိသော Lactasoy (၄၀၀) ဖာ အပါအဝင်ကုန်ပစ္စည်း (၄) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉,၁၀၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော Higer Express Bus တစ်စီးနှင့် Yutong Express Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ တာဝန်ကျအကောက်ခွန်အဖွဲ့က ကုန်သေတ္တာ နှစ်လုံးအတွင်းမှ သွင်းကုန်လိုင်စင် တင်ပြနိုင်ခြင်းမရှိသည့် Single Side Decorative Laminates Paper (၆၉၀၀) ကီလိုဂရမ်အပါအဝင်ကုန်ပစ္စည်း နှစ်မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၉,၂၂၄,၇၀၅)၊ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားခြင်း မရှိသော Brake Lever (၁၁၂၅) ကီလိုဂရမ်၊ Brake Handle (၂၀၀) ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၃၃၉,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၁,၆၆၃,၇၀၅)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြို့နယ်သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကလေး - တမူး ကားလမ်းဘေး၊ စုံလာမြိုင်ချောင်းအတွင်း တရားမဝင် အင်ခွဲသားနှင့် စကားဝါသစ် (၈ ဒသမ ၁၂၄) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၂၁၈,၆၆၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်
ထို့အတူ ဖေဖော်ဝါရီ ၂၅ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ် (တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှရန်ကုန်မြို့သို့ သွားရောက်မည့် မော်တော်ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားခြင်းမရှိသော KARAT Toilet Commode (၂၅) လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၅၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဖေဖော်ဝါရီလ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၈) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၅,၃၈၂,၃၆၅) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင် ကော်မတီမှ သိရသည်။
သတင်းစဉ်