နေပြည်တော်     ဖေဖော်ဝါရီ    ၁၃

 

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧရာဝတီ တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၉ ရက်တွင် မြန်အောင်ခရိုင် အင်္ဂပူမြို့နယ်အတွင်း၌ တရားမဝင် ကျွန်းသစ် (၀ ဒသမ ၅၈၆)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂,၅၀၀)နှင့် ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်အတွင်း၌ တရားမဝင် အခြားသစ် (၅ ဒသမ ၃၇၅)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၁၇,၃၅၆)ကို လည်းကောင်း၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်အတွင်း၌ တရားမဝင် အခြားသစ် (၀.၆၉၇)တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၄၈,၆၀၀)နှင့် မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၌ တရားမဝင် အခြားသစ် (၆ ဒသမ ၀၁၀)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂၀,၇၂၈)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၁,၁၂၉,၁၈၄)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အပြင် ဖေဖော်ဝါရီ ၁၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရွာသာကြီး Dry Port ၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Queen လိမ္မော်အချိုရည်အဆီပုလင်း (၁၅၆၀)၊ Chaokoh Coconut Cream (၁၄၉၆)ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း(၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၂၃၆,၇၉၂)နှင့် အဆိုပါ ပစ္စည်းများတင်ဆောင်လာသည့် Mitsubishi Fuso Truck (၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၇,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄,၂၃၆,၇၉၂)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်း များနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အပြင် ဖေဖော်ဝါရီ ၁၂ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ (၁၆)မိုင် ကျောက်ချော စစ်ဆေးရေး စခန်း၌ နမ့်ခမ်းမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင် စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လိပ်အကောင်သေးအကောင်(၂၅၀) (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၃၇,၅၀၀) နှင့် အဆိုပါ လိပ်များ တင်ဆောင်လာသည့် Toyota Crown Estate (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃,၅၃၇,၅၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိ သည်။

 

ထို့ပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာ၌ ဖေဖော်ဝါရီ ၁၁ ရက်တွင် ညောင်ခါးရှည် X-Ray စက် စစ်ဆေးရေးဂိတ်၌ ကော့သောင်းမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Violet နို့ဝေဖာထုပ်(၄၆၈၀)၊ Simethicone Air-x Drops ဆေးဘူး (၁၈၉၀)အပါအဝင် ကုန်ပစ္စည်း(၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉,၉၇၇,၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆာင်လာသည့် Sunlong Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅,၀၀၀,၀၀၀) ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ ဖေဖော်ဝါရီ ၁၂ ရက်တွင် ညောင်ခါးရှည် X-Ray စက် စစ်ဆေးရေးဂိတ်၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာ သော မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင် ခြင်းမရှိသည့် Yum Yum ‌ခေါက်ဆွဲခြောက်ထုပ်(၃၆၀၀) အပါအဝင် ကုန်ပစ္စည်း(၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁,၇၂၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Higer Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၀၀၀,၀၀၀)ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရ လည်းကောင်း၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် ပဲခူးခရိုင်နှင့် တောင်ငူခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် (၀ ဒသမ ၃၉၈)တန်၊ အခြားသစ် (၁၉ ဒသမ ၈၅၀)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၆၅၂,၅၇၆)ကို သစ်တောဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၉၈,၃၄၉,၅၇၆)ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ပါ၍ ဖေဖော်ဝါရီ ၉ ရက်၊ ၁၀ ရက်၊ ၁၁ ရက်၊ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၅)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၇,၂၅၃,၀၅၂)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

(သတင်းစဉ်)