နေပြည်တော်၊ ဇန်နဝါရီ ၂၀

 

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ  ဇန်နဝါရီ ၁၇ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းများမှ တာဝန်ကျအကောက်ခွန်စစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ(၂)လုံးအတွင်းမှ သွင်းကုန်‌ကြေညာလွှာ (ID) တွင် ကြေညာထားသည်နှင့် ကွဲလွဲပါရှိလာသော လုပ်ငန်းသုံးပစ္စည်းများ  (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၉,၁၆၈,၈၈၀)ကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးသည်ဝန်စည်များနှင့်အတူ ရောနှောသယ်ဆောင်လာသော တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Motorola အမျိုးအစား စကားပြောစက် (၁၀)လုံး အပါအဝင် ကုန်ပစ္စည်း (၆)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀,၀၀၀)ကို လည်းကောင်း၊ လေဆိပ်ကုန်လှောင်ရုံ၌ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာ ထားခြင်းမရှိသည့် Elastic Bandage (၃၀၀)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄,၉၈၇,၀၀၀) ကို လည်းကောင်း၊ စုစုပေါင်း ( ခန့်မှန်းတန်ဖိုးငွေကျပ် ၆၄,၆၅၅,၈၈၀)ကို  သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ‌ဆောင်ရွက် လျက်ရှိသည်။

 

အလားတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် အကောက်ခွန်လှုပ်ရှားစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ   ရန်ကုန်-ဘားအံ-မြဝတီ လမ်းကြောင်းအတိုင်း မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီး ပေါ်မှ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော အသင့်စားခေါက်ဆွဲထုပ်များနှင့် ဆပ်ပြာမှုန့်ထုပ်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၃၇၈,၉၁၃)နှင့် အဆိုပါ ကုန်ပစ္စည်းများ တင်‌ဆောင်လာသည့် Hino Profia အမျိုးအစား မော်တော်ယာဉ်(၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၅,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅,၃၇၈,၉၁၃) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

၎င်းအပြင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲ မှုဖြင့် သစ်တောဦးစီးဌာန ဦးဆောင်သောပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်‌ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်အတွင်း၌ တရားမဝင် တောင်သရက်ခွဲသား (၁၇.၈၃၀၀)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁,၂၄၈,၁၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။

 

ထို့ပြင် ဇန်နဝါရီ ၁၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ၊ အနောက်ပိုင်းခရိုင် လိုင်စင်မဲ့ယာဉ် ဖမ်းဆီးရမိ ရေးအဖွဲ့ ဦးဆောင်သော စစ်‌ဆေးရေးအဖွဲ့က စစ်‌ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လသာမြို့နယ်အတွင်း၌ Toyota Crown အမျိုးအစား လိုင်စင်မဲ့ မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၅၀၀,၀၀၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ ဇန်နဝါရီ ၁၉ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ်(တံတားကျိုး)စုပေါင်းစစ်‌ဆေးရေးစခန်း၌ တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၂)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် သရက်သီး (၆၅)ဖာနှင့် ပန်းသီး (၅၅)ဖာ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၂၇၅,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ယင်းအပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲ မှုဖြင့် တိုင်းဒေသကြီးသစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက စစ်‌ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်နှင့် သာယာဝတီခရိုင်များအတွင်း တရားမဝင် ကျွန်းသစ်နှင့်သစ်မာ (၄၂ ဒသမ ၃၄၆၂)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆,၆၀၈,၀၃၂)ကို ဖမ်းဆီးရ မိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ‌ဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ပါ၍ ဇန်နဝါရီလ ၁၇ ရက်၊ ၁၈ ရက် နှင့် ၁၉ ရက်နေ့တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၃) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၄,၆၆၅,၉၂၅) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

(သတင်းစဉ်)