နေပြည်တော်၊ စက်တင်ဘာ ၅

 

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၃ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ်၊ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ် နှစ်စီးပေါ်၌ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားသည်ထက် ပိုမိုတင်ဆောင်လာသော စားသုံးဆီနှင့် အထည်အလိပ်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၅၅၂,၀၀၀)၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၈,၀၀၀,၀၀၀) နှင့် နောက်တွဲ ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၉,၅၅၂,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

mdn

 

ထို့ပြင် စက်တင်ဘာ ၄ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့သောင်းမြို့နယ်၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်သော ပူးပေါင်းအဖွဲ့က ကမ်းနားလမ်းတစ်လျှောက်ရှိ တံတားများ၌ ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက်၊ တော်ဝင်လမ်း၊ တော်ဝင်တံတားအနီးတွင် တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ငါးဖမ်းပိုက်နှင့် ငါးဖမ်းကြိုးခွေများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၅၂၄,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

mdn

 

အလားတူ စက်တင်ဘာ ၅ ရက်တွင် ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သံလွင်တံတား (ဘားအံ) စုပေါင်းစစ်ဆေးရေးဂိတ်၌ တာဝန်ကျ စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်နှစ်စီးပေါ်၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် စားသုံးဆီများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၉၀၀,၀၀၀) နှင့် အဆိုပါ စားသုံးဆီများ တင်ဆောင်လာသည့် မော်တော်ယာဉ် နှစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၁,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄,၉၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

mdn

 

ယင်းအပြင် ပဲခူးတိုင်း‌ဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်နှင့် သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တို့အတွင်း တရားမဝင် ကျွန်းသစ်နှင့်သစ်မာ (၅ ဒသမ ၃၂၉၄) တန်၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၁၁၄,၄၈၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

mdn

 

သို့ဖြစ်ပါ၍ စက်တင်ဘာ ၃ ရက်၊ ၄ ရက်နှင့် ၅ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၂) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၉,၀၉၀,၄၈၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

 

သတင်းစဉ်