နေပြည်တော် ဖေဖော်ဝါရီ ၁၀

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ရာတွင် ဖေဖော်ဝါရီ ၇ ရက်တွင် ညောင်ခါးရှည် X-Ray စက် စစ်ဆေးရေးဂိတ်၌ မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီး၊ မြဝတီမြို့မှ မကွေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီး၊ မြဝတီမြို့မှ နေပြည်တော်သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးနှင့် မြဝတီမြို့မှ ဒိုက်ဦးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၂)စီးတို့ပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် အမျိုးသမီးဝတ် အဝတ် အထည် (၃၅၀)၊ YooGood Drinking Yogurt ဘူး(၂၂၀၈၀) ၊ Honey Baby Feeding Bottle (၅၄)ပုလင်း၊ Nestle Milo ထုပ်(၃၆၀) ၊ Lactasoy ပဲနို့ဘူး(၄၆၂၀) ၊ Honda မော်တော် ဆိုင်ကယ် (၇)စီး အပါအဝင် ကုန်ပစ္စည်း(၂၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၃,၄၂၃,၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Bus (၁)စီး၊ Foton View Mini Bus (၁)စီး၊ King Long Mini Bus (၁)စီး၊ Toyota Hiace Mini Bus (၂)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၀,၀၀၀,၀၀၀)ကို လည်းကောင်း၊ ဖေဖော်ဝါရီ ၈ ရက်တွင် ဘုရားကြီးမြို့၊ ရွှေသံလွင်တိုး ဂိတ်အနီး၌ သာမညမှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် BOPP Film ကီလိုဂရမ်(၈၁၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၉၃၅,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Isuzu Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၉၄,၃၅၈,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ဖေဖော်ဝါရီ ၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရွာသာကြီး Dry Port ၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့် ခရီး ဆောင်အိတ်အလုံး(၁၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂,၇၇၅,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Profia Truck (၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၂,၇၇၅,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ဖေဖော်ဝါရီ ၈ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ (၁)လုံးအတွင်းမှ သွင်းကုန်လိုင်စင် တင်ပြနိုင်ခြင်းမရှိသည့် အဝတ်အထည်မျိုးစုံ(အသစ်) (၁၇) မျိုး၊ Kirishima Brilliant ဝီစကီ (၁၁)ပုလင်း၊ အလှကုန်ပစ္စည်း(၁၃)မျိုး၊ စားသောက်ကုန်ပစ္စည်း (၁၆)မျိုး၊ Laptop and Tablet (Used) (၂၂)လုံး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၃,၂၉၄,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဖေဖော်ဝါရီ ၈ ရက်တွင် နေပြည်တော်ကောင်စီတရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဥတ္တရသီရိခရိုင်၊ တပ်ကုန်းမြို့နယ်၌ အခြားသစ် (၂၅ ဒသမ ၃၆၉)တန်နှင့် သစ်စက်အင်ဂျင်(၁)လုံး စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၂,၄၁၂,၈၅၈)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဖေဖော်ဝါရီ ၇ ရက်နှင့် ၈ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၂၃)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁၂,၈၃၉,၈၅၈)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်