နေပြည်တော် ဖေဖော်ဝါရီ ၆

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ဖေဖော်ဝါရီ ၃ ရက်တွင် ညောင်ခါးရှည် X-Ray စက် စစ်ဆေးရေးဂိတ်၌ မော်လမြိုင်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် Ding Fong Drinks အချိုရည် ပုလင်း (၆၀၀) အပါအဝင် ကုန်ပစ္စည်း(၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၆၀၀,၀၀၀)နှင့် အဆိုပါပစ္စည်း များ တင်ဆောင်လာသည့် Yutong Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀) ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ ဖေဖော်ဝါရီ ၅ ရက်တွင် ပဲခူးခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် (၀ ဒသမ ၁၆၆)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၉,၉၅၆)နှင့် ညောင်လေးပင်ခရိုင် အတွင်း၌ တရားမဝင် အခြားသစ်(၄ ဒသမ ၄၇၅)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁၃,၂၇၈)တို့ကို သစ်တောဥပဒေအရလည်းကောင်း၊ ဘုရားကြီးမြို့၊ ရွှေသံလွင်တိုးဂိတ်အနီး၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီး‌‌ပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် Yacht Bread Crumbs ပေါင်မုန့်ဖတ် (၅၀၀)အိတ် အပါအဝင် ကုန်ပစ္စည်း (၅)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇,၀၄၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Sunlong Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀)ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများ အရလည်း ကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀,၀၆၃,၂၃၄) ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဖေဖော်ဝါရီ ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရွာသာကြီး Dry Port ၌ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့် PRATO Solar Water Tank (၈)ခု အပါအဝင် ကုန်ပစ္စည်း(၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂,၈၄၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Candor Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂,၈၄၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဖေဖော်ဝါရီ ၅ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သီလဝါကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ (၉)လုံးအတွင်းမှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် Galvanized Iron Sheet In Coil (၈၈၀၆၂)ကီလိုဂရမ် စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၉,၄၅၁,၁၄၀)ကို ဖမ်းဆီး ရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဖေဖော်ဝါရီ ၅ ရက်တွင် ဧရာဝတီတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၌ တရားမဝင် အခြားသစ် (၄၇ ဒသမ ၂၇၅)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၃၀၉,၂၇၈)နှင့် မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၌ တရားမဝင် အခြားသစ် (၄ ဒသမ ၂၄၃)တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၉၇,၀၅၂)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၆၀၆,၃၃၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဖေဖော်ဝါရီ ၃ ရက်နှင့် ၅ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၁၁)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၅,၉၆၀,၇၀၄)ဖြစ်ကြောင်း  တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်