နေပြည်တော် ဒီဇင်ဘာ ၈
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ ဒီဇင်ဘာ ၆ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မုတ္တမဆိပ်ကမ်း၌ ကော့သောင်းမြို့မှ ရန်ကုန်မြို့သို့ ဆိုက်ကပ်လာသော ရေယာဉ် တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း နှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅,၆၂၅,၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် MV. Shwe Yun San ရေယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၃၀၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ အေးရှားဝေါလ် ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ သုံးလုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း နှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၄,၀၁၂,၅၉၈) ကိုလည်းကောင်း၊ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ (၃၃) လုံးအတွင်းမှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း လေးမျိုး၊ လူသုံးကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၆၃၉,၄၆၄,၅၄၀) ကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ် (သွင်းကုန်) ၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် လုပ်ငန်းသုံးပစ္စည်းလေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆,၂၅၀,၀၀၀) ကိုလည်းကောင်း၊ မန္တလေး စာတိုက်ကြီး၌ တရားဝင်စာ ရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် လုပ်ငန်းသုံး ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၆,၂၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄,၁၆၅,၃၉၈,၃၃၈)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့၊ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Dump Truck မြေသယ်ယာဉ် သုံးစီးနှင့် Honda Fit မော်တော်ယာဉ် တစ်စီး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉၈,၅၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌တရားမဝင် အခြားသစ် (၂.၂၉၈) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၁,၅၂၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ်၌ တရားမဝင် ကျွန်းသစ် (၀ ဒသမ ၂၃၆) တန်၊ အခြားသစ် (၀ ဒသမ ၂၆၀) တန်၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၉,၇၄၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။
ထို့ပြင် ဒီဇင်ဘာ ၇ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဘုရားကြီးမြို့၊ ရွှေသံလွင်တိုးဂိတ်အနီး၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း တစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၅၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Hilux တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃,၅၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရတနာပုံတံတား (မန္တလေး) စစ်ဆေးရေးစခန်း၌ မန္တလေးမြို့မှ ဝန်းသိုမြို့သို့ သွားရောက်မည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း (၁၃) မျိုးနှင့် စားသောက်ကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅,၃၁၆,၃၄၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Condor Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၀၀၀,၀၀၀) ကို လည်းကောင်း၊ မြစ်ငယ်စစ်ဆေးရေးစခန်း၌ ရန်ကုန်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း(၁၀)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၆,၆၂၀,၂၆၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀) ကိုလည်းကောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ တံတားဦး အဝိုင်းအနီး၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့်လူသုံးကုန်ပစ္စည်း (၃) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ်၉,၁၈၉,၆၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၁၉၆,၁၂၆,၂၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်နှင့် ၇ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၃၃) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၇၈၄,၂၃၅,၇၉၈) ကို ဖမ်းဆီးရမိခဲ့ပါသည်။ တရားမဝင်ကုန်သွယ်မှုများကြောင့် ကုန်စျေးနှုန်းကြီးမြင့်မှု၊ ငွေကြေးမတည်ငြိမ်မှုများနှင့် နိုင်ငံတော်အတွက် အခွန်ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်စေပြီး စားသုံးသူပြည်သူများအတွက်လည်း ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေနိုင်သဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်