နေပြည်တော် သြဂုတ် ၈
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ
သြဂုတ်လ ၆ ရက် တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ရန်ကုန်လေဆိပ် (ကုန်လှောင်ရုံ) ၌ ပိုင်ရှင်မှစွန့်လွှတ်ကြောင်း တင်ပြလာသည့် စင်္ကာပူနိုင်ငံထုတ် ဓါတ်ခွဲခန်းသုံး အမွှေးနံ့သာဆီနမူနာ Fragrance Oils (၄၄) ဘူး၊ United Kingdom နိုင်ငံထုတ် Engine Generator Controller (၁) ခု စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၈၀၁,၁၉၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ သြဂုတ်လ ၆ ရက်နှင့် ၇ ရက် တို့တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်‌ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြစ်ငယ်စစ်ဆေးရေးစခန်း၌ မော်တော်ယာဉ် (၃) စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ် Wai Wai ခေါက်ဆွဲခြောက် (၆၀၆၀) ထုပ်နှင့် Mistine Whitening Lotion (၂၄၀၀၀) ဘူး၊ အင်ဒိုနီးရှားနိုင်ငံထုတ် VAS ဟင်းသီးဟင်းရွက်ဆီ (၂၀) လီတာပါ (၄၅၀) ပုံး အပါအဝင် ကုန်ပစ္စည်း (၆) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၃,၆၄၆,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Sunlong Bus (၁) စီး၊ Mitsubishi Fuso Truck (၁) စီးနှင့် Isuzu Giga Truck (၁) စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၈,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၁,၆၄၆,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ သြဂုတ်လ ၇ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်‌ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် (၁ ဒသမ ၇၃၀) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၅၂၂,၅၇၆) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ သြဂုတ် ၆ ရက်နှင့် ၇ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၀) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၅,၉၆၉,၇၆၆) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်