နေပြည်တော် နိုဝင်ဘာ ၄
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၃ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ပျဉ်းမနားမြို့နယ် အတွင်း၌ တရားမဝင် အခြားသစ် (၂ ဒသမ ၃၉၇)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၈,၀၂၄)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ နိုဝင်ဘာ ၃ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ(၁)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့် ယာဉ်အပိုပစ္စည်း (Clutch Facing) (၄၅၀၃.၂) ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈,၉၁၃,၄၄၀)ကိုလည်းကောင်း၊ မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ မြဝတီမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် MARSTAR လျှပ်စစ်ပစ္စည်း (Switch and Socket) ကီလိုဂရမ် (၅၅၀၀) အပါအဝင် ကုန်ပစ္စည်း(၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁,၁၀၀,၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Dong Feng Tractor Head (၁)စီးနှင့် နောက်တွဲယာဉ်(၁)တွဲ(ခန့်မှန်း တန်ဖိုးငွေကျပ် ၄၅,၀၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၅,၀၁၃,၄၄၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် နိုဝင်ဘာ ၃ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်၌ လိုင်စင်မဲ့ Toyota Raum မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ပဲခူးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၃ ရက်တွင် ဘုရားကြီးမြို့၊ ကသစ်ဝိုင်ဓမ္မရိပ်သာအနီး၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် (၂)စီး ပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် 100 Pipers ဝီစကီပုလင်း စက္ကူဘူးခွံ (၁၆၁၀)ကီလိုဂရမ်၊ Balloon ချိုချဉ် (၆၆၀၀)ဖာ အပါအဝင် ကုန်ပစ္စည်း (၂)မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၀,၉၈၃,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck (၂)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀,၀၀၀,၀၀၀)ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရ လည်းကောင်း၊ နိုဝင်ဘာ ၄ ရက်တွင် ပဲခူးခရိုင်နှင့် တောင်ငူခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် (၅.၅၂၈)တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၁,၇၄၂,၈၁၄)ကို သစ်တောဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၂,၇၂၅,၈၁၄)ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ နိုဝင်ဘာ ၃ ရက်နှင့် ၄ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၀)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၃,၉၅၇,၂၇၈)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်