နေပြည်တော် ဇူလိုင် ၈

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၄ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြိတ်-ထားဝယ် ကားလမ်း၊ ပေါက်တိုင်းတံတား စစ်ဆေးရေးဂိတ်အနီး၌ မော်တော်ယာဉ် တစ်စီးပေါ်မှ သွင်းကုန် ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် ထိုင်းနိုင်ငံထုတ် Royal-D ဓါတ်ဆားထုပ် ဘူး (၇၅၀၀) အပါအဝင် ကုန်ပစ္စည်း နှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈,၄၂၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Tractor Head တစ်စီးနှင့် နောက်တွဲယာဉ် တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ်၅၅,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၃,၄၂၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဇူလိုင် ၇ ရက်တွင် ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မိုးကောင်း-မြစ်ကြီးနား ပြည်ထောင်စု လမ်းမကြီး၊ ကျားပြောင်းစက်သုံးဆီဆိုင်အနီး၌ လိုင်စင်မဲ့ Honda Fit မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အ‌ရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဇူလိုင် ၈ ရက်တွင် ပဲခူးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် (၇ ဒသမ ၁၆၁) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၄၆၂,၂၈၅)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်၍ ဇူလိုင် ၄ ရက်၊ ၇ ရက်နှင့် ၈ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၄) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၁,၈၈၂,၂၈၅) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။

သတင်းစဉ်