နေပြည်တော် သြဂုတ်လ ၂၀

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ် မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၁၈ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဘားအံမြို့နယ်၊ နောင်လုံကျေးရွာအနီး၌ မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ် Smart Fabric Softener ဆပ်ပြာအမွှေးဆီ (၁၂၀၀)ထုပ် အပါအဝင် ကုန်ပစ္စည်း(၅)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၅၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Condor Truck (၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၀,၅၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သြဂုတ် ၁၈ ရက်တွင် ဒိုက်ဦးမြို့၊ မြို့အဝင်၌ မြဝတီမြို့မှ တောင်ငူမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ် Vegetable Cooking Oil (၅)လီတာပါ (၁၈၀)ဘူး အပါအဝင် ကုန်ပစ္စည်း (၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၈၇၅,၀၀၀)၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Jinbei Mini Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀) နှင့် သြဂုတ် ၁၉ ရက်တွင် ဘုရားကြီးမြို့လမ်းဆုံအနီး၌ သထုံမြို့မှ ပဲခူးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ် Yum Yum ခေါက်ဆွဲခြောက် (၉၀၀)ထုပ် အပါအဝင် ကုန်ပစ္စည်း(၂)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂,၂၈၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် KIA Bongo (၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀,၀၀၀,၀၀၀)ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ သြဂုတ်လ ၂၀ ရက်တွင် ပဲခူးခရိုင်နှင့် တောင်ငူခရိုင် အတွင်း၌ တရားမဝင် ကျွန်းသစ် (၂.၃၃၃)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁,၂၄၄,၂၂၆)ကို သစ်တောဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇,၃၉၉,၂၂၆)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် သြဂုတ် ၁၉ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့၊ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Honda Fit မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၅၀၀,၀၀၀)ကိုလည်းကောင်း၊ မုံရွာမြို့နယ်အတွင်း၌ လိုင်စင်မဲ့ New Anbo မော်တော်ဆိုင်ကယ် (၁)စီး  အပါအဝင် မော်တော်ဆိုင်ကယ် (၇)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀,၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၉,၂၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် သြဂုတ် ၁၉ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရန်ကုန်လေဆိပ်(ကုန်လှောင်ရုံ)၌ ပိုင်ရှင်မှစွန့်လွှတ်ကြောင်း တင်ပြလာသည့် တရုတ်နိုင်ငံထုတ် Itel Mobile Phone (၆)လုံး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၀၀,၀၀၀)ကိုလည်းကောင်း၊ မြန်မာ့ စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ(၃)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာ ပါရှိလာသည့် CHIGO Air Conditioner (၆၁၀)လုံး အပါအဝင် ကုန်ပစ္စည်း (၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၃,၆၀၀,၀၀၀)ကိုလည်းကောင်း၊ TMT ဆိပ်ကမ်း၌ ကုန်သေတ္တာ(၂)လုံးအတွင်းမှ Country of Origin လွှဲမှားသည့် CMP ချုပ်ထည်အမျိုးသမီးဝတ် ကုတ်အင်္ကျီ (၈၅၉၃)ထည် အပါအဝင် အဝတ်အထည် (၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၃,၆၇၅,၇၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ်  ၆၈၈,၁၇၅,၇၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

 

ထို့အတူ သြဂုတ်လ ၂၀ ရက်နေ့တွင် နေပြည်တော်ကောင်စီ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဥတ္တရခရိုင်၊
တပ်ကုန်းမြို့နယ်၌ တရားမဝင် ကျွန်းသစ်(၂ ဒသမ ၆၂၉)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၃၁၄,၀၄၈)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ပါ၍ သြဂုတ် ၁၈ ရက်၊ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၂၃)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၇,၅၈၈,၉၇၄)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။

(သတင်းစဉ်)