နေပြည်တော်၊ မတ် ၇

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ် ၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ အတွင်းရေးမှူး ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ မင်းလွင်ကုန်းဂိတ်၌ ‌‌ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် (၁၀) စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆,၃၀၀,၀၀၀) နှင့် အဆိုပါ ဆိုင်ကယ်များ တင်ဆောင်လာသော မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၅,၀၀၀,၀၀၀) ကို လည်းကောင်း၊ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းမျိုးစုံ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၅,၂၈၅,၆၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော မော်တော်ယာဉ် နှစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၈,၀၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ်  ၇၄,၅၈၅,၆၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။

ထို့အပြင် မတ် ၆ ၇က်တွင် မွန်ပြည်နယ်၊ မရမ်းချောင် အမြဲတမ်းစစ်‌ဆေးရေးစခန်းမှ တာဝန်ကျ အကောက်ခွန်အဖွဲ့ ဦးဆောင်၍ ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက မြဝတီမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသည့် မော်တော်ယာဉ်များအား စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားသည့် ပစ္စည်းများနှင့်အတူ ရောနှောတင်ဆောင် လာသော တရားဝင်စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂,၀၉၄,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။

mdn

အလားတူ ပဲခူးတိုင်းဒေသကြီး၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး အကောက်ခွန်ဦးစီးဌာန ဦးဆောင်၍ ပူးပေါင်းစစ်ဆေးရေး အဖွဲ့များက မြဝတီ - ရန်ကုန် လမ်းကြောင်းတစ်လျှောက် ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဝေါမြို့နှင့် ရွှေသံလွင်တိုးဂိတ် အကြား ခန့်မှန်းမိုင်တိုင် အမှတ် (၆၃) မိုင်ခန့်တွင် သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့်  တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် တိရိစ္ဆာန်အစာ (Cat food) နှင့် ကားတာယာဆိုဒ်စုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁,၁၃၈,၀၀၀) နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်  သုံးစီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၅,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၆,၁၃၈,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

၎င်းအပြင် ယနေ့တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် (၁၆) မိုင် ကျောက်ချောစစ်ဆေးရေးစခန်း၊ တာဝန်ကျ အကောက်ခွန်အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ (၁၆) မိုင် ကျောက်ချောစစ်ဆေးရေးစခန်း (၂၁) မိုင် (၃) ဖာလုံတွင် တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် အီးစီးကရက်မျိုးစုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၆၉၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကသာခရိုင်၊ အင်းတော် မြို့နယ်အတွင်း တရားမဝင်သစ်မျိုးစုံ (၀ ဒသမ ၄၂၄၈) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၇,၄၄၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ မတ် ၄ ရက်၊ ၆ ရက်နှင့် ၇ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၅) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၇,၆၃၅,၀၄၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်