နေပြည်တော် ဇူလိုင် ၂၂
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Mitsubishi Trito မော်တော်ယာဉ်တစ်စီး နှင့် Dihatsu Hijet မော်တော်ယာဉ်နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၈,၀၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရ လည်းကောင်း၊ စစ်ကိုင်းမြို့၊ ရွာထောင်ရပ်ကွက်၊ ဘီယာစတား (၃) ဆိုင်ရှေ့၌ တရားဝင် သယ်ဆောင်ခွင့် အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် Tiger Beer ဖာ (၁၅၀) အပါအဝင် ကုန်ပစ္စည်း လေးမျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၀,၄၄၀,၀၀၀)ကို ယစ်မျိုးဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈,၄၄၀,၀၀၀)ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဇူလိုင် ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘုရားကြီးမြို့၊ ရွှေသံလွင်တိုးဂိတ်အနီး၌ မုတ္တမမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထွက် ပန်းသီးကီလိုဂရမ် (၁၂၀၀) အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၉၄၂,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀) ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ တောင်ငူခရိုင်အတွင်း၌ တရားမဝင်သစ်မာ (၂ ဒသမ ၁၃၅) တန်၊ အခြားသစ် (၃ ဒသမ ၄၈၀)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၉၂၅,၂၇၀) ကို သစ်တောဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅,၈၆၇,၂၇၀) ကို ဖမ်းဆီး အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်၍ ဇူလိုင် ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၇) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၄,၃၀၇,၂၇၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။
သတင်းစဉ်