နေပြည်တော်၊ ဇူလိုင် ၂၇
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ
ဇူလိုင်လ ၂၅ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စဉ့်ကိုင်မြို့အကျော် BOC ဆီဆိုင်အနီး၌ မော်တော်ယာဉ် (၃) စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် တရုတ်နိုင်ငံထုတ် ကြက်သွန်ဖြူ ကီလိုဂရမ် (၂၀) ပါ (၆၃၅) အိတ်နှင့် (၂၅) ကီလိုဂရမ်ပါ အိတ် (၂၆၀၀)၊ အာလူး ကီလိုဂရမ် (၂၀) ပါ အိတ် (၇၅၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၃,၈၀၀,၀၀၀) နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် SHACMAN Tractor Head (၃) စီးနှင့် နောက်တွဲယာဉ် (၃) တွဲ (ခန့်မှန်း တန်ဖိုး ငွေကျပ် ၂၅၈,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂၁,၈၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဇူလိုင် ၂၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်နှင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တို့၌ လိုင်စင်မဲ့ Honda Fit မော်တော်ယာဉ် (၁)စီးနှင့် Toyota Mark II မော်တော်ယာဉ် (၁) စီး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၀၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဇူလိုင် ၂၇ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်နှင့် ပြည်ခရိုင်တို့အတွင်း၌ တရားမဝင် ကျွန်းသစ် (၈ ဒသမ ၆၅၄) တန်၊ သစ်မာ (၄ ဒသမ ၀၆၂) တန်၊ အခြားသစ် (၂ ဒသမ ၈၃၃)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၇၄၅,၂၂၀)ကို သစ်တောဥပဒေအရ လည်းကောင်း၊ ပဲခူးခရိုင်နှင့် သာယာဝတီခရိုင်တို့အတွင်း၌ လိုင်စင်မဲ့ Honda Airwave မော်တော်ယာဉ် (၁) စီးနှင့် ထော်လာဂျီ (၁) စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၀၀၀,၀၀၀) ကို ပို့ကုန် သွင်းကုန် ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၇၄၅,၂၂၀)ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဇူလိုင် ၂၇ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရွှေဘိုမြို့၊ အမှတ် (၁၀) ရပ်ကွက်၊ စက်မှုဇုန်လမ်းထိပ်၌ လိုင်စင်မဲ့ Toyota Land Cruiser (၁) စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀,၀၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။
သို့ဖြစ်၍ ဇူလိုင် ၂၅ ရက်၊ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၂) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၄,၅၄၅,၂၂၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်