နေပြည်တော်၊ သြဂုတ် ၉
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မ များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၆ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ရာတွင် ရွာသာကြီး Dry Port ၌ ကျိုင်းတုံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၃)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ခြေအိတ် ကီလိုဂရမ်(၅၅၀)၊ Maidingge အသား ကြိတ်စက် (၂)ခု၊ Auxilliary Water Cooled Reactor (၁)လုံး အပါအဝင် ကုန်ပစ္စည်း (၁၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀,၇၉၅,၆၁၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck (၁)စီး၊ Hino Truck (၁)စီးနှင့် Isuzu Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၀,၀၀၀,၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၀,၇၉၅,၆၁၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ သြဂုတ် ၇ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မကွေးမြို့ မြို့အဝင်စစ်ဆေးရေး ဂိတ်၌ လိုင်စင်မဲ့ Toyota Wish မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၀၀၀,၀၀၀)ကို ဖမ်းဆီး ရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သြဂုတ် ၇ ရက်တွင် ဘုရားကြီးမြို့ မြို့အဝင်၌ မန္တလေးမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် တရုတ် နိုင်ငံထုတ် Toe Post Sandal/Slipper ဖိနပ် အရံ(၄၀၀၀) အပါအဝင် ကုန်ပစ္စည်း(၂)မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၇,၅၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Isuzu Tractor Head (၁)စီးနှင့် နောက်တွဲယာဉ်(၁)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀,၀၀၀,၀၀၀)၊ ညောင်ခါးရှည် X-Ray စက် စစ်ဆေးရေး ဂိတ်၌ ထိုင်းနိုင်ငံထုတ် Lipovitan-D အားဖြည့် အချိုရည် ပုလင်း(၁၀၀၀) အပါအဝင် ကုန်ပစ္စည်း(၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၂၄၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Scania Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၀၀၀,၀၀၀)နှင့် ပဲခူးမြို့ သွန်းဘုရားကြီးရပ်ကွက်ရှိ ဂိုဒေါင်(၁)လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် ပုဇွန်တစ်ကောင်စားအုန်းဆီ (၁၈)လီတာပါ (၂၈၃)ပုံး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၄,၁၅၀,၀၀၀) တို့ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများ အရလည်းကောင်း၊ သြဂုတ် ၈ ရက်တွင် ပြည်ခရိုင် ရွှေတောင်မြို့နယ်အတွင်း၌ လိုင်စင်မဲ့ Hijet မော်တော် ယာဉ်(၁) စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၅၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ ပဲခူး ခရိုင်၊ တောင်ငူခရိုင်နှင့် ပြည်ခရိုင်တို့အတွင်း၌ တရားမဝင်ကျွန်းသစ်(၃ ဒသမ ၉၈၃)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၈၆၂,၉၇၂)ကို သစ်တောဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၈,၂၅၂,၉၇၂)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် သြဂုတ် ၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သာကေတမြို့နယ် Novel Health Care ဆေးခန်း၌ တရားမဝင် ဆေးဝါးများဖြစ်သည့် Abhayrab ခွေးရူးပြန်ကာကွယ်ဆေးဘူး(၁၀၀) အပါအဝင် ကာကွယ်ဆေး(၇)မျိုး (ခန့်မှန်းတန် ဖိုးငွေကျပ် ၉,၄၈၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ သြဂုတ် ၈ ရက်တွင် မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သထုံခရိုင်၊ ပေါင်မြို့နယ်၌ တရားမဝင် အခြားသစ် (၁ ဒသမ ၅၇၀)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၅,၀၅၄) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ သြဂုတ် ၆ ရက်၊ ၇ ရက်နှင့် ၈ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၉)မှု၊ (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၃၄,၆၆၃,၆၃၆)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။
(သတင်းစဉ်)


