နေပြည်တော်၊ မတ် ၂၆
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
မတ် ၂၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပန်းဘဲတန်းမြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၁၂၁) ၊ မြေညီထပ်၊ ပြည်စိုးလျှပ်စစ်ဖြန့်ချိရေးလုပ်ငန်း၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် လုပ်ငန်းသုံးပစ္စည်း (၁၉) မျိုး စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၂,၂၈၂,၀၅၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
မတ် ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ်(၂) လမ်းမကြီး၊ ရွာသာကြီးရပ်ကွက်၊ ဘိုဘိုကုန်မျိုးစုံ အရောင်းဆိုင်အနီး၌ သထုံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၆၁၈,၇၅၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Profia Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ မြန်မာနိုင်ငံသား ခရီးသည် လေးဦးနှင့် ဗီယက်နမ်နိုင်ငံသားတစ်ဦးတို့၏ ဝန်စည်များအတွင်းမှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ရှစ်မျိုး၊ လုပ်ငန်းသုံးပစ္စည်း လေးမျိုး၊ စားသောက်ကုန်ပစ္စည်းလေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂,၉၃၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၈,၅၄၈,၇၅၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
မတ် ၂၅ ရက်တွင် ကယားပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လွိုင်ကော်မြို့နယ်၊ လွယ်တမူကျေးရွာ၊ အမှတ် (၂၅၀) ခြေလျင်တပ်ရင်း ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Nissan Note မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန် သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့၊ ရတနာပုံတံတားပူးပေါင်း စစ်ဆေးရေးဂိတ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန် ပစ္စည်း ခြောက်မျိုးစုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄,၂၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်း၌ လိုင်စင်မဲ့ Hijet မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၀၀၀,၀၀၀) ကို ဖမ်းဆီး ရမိခဲ့ပြီး ပို့ကုန် သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အမရပူမြို့နယ်၊ ယဉ်တော်ကျေးရွာ၊ ရွှေကြက်ယက်ကျေးရွာနှင့် ဆောက်တောဝကျေးရွာတို့၌ တရားမဝင် စက်သုံးဆီ ဒီဇယ်ဆီ (၂၈၇) ပေပါ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၉,၈၂၃,၉၃၂) ကို ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေအရ လည်းကောင်း၊ ချမ်းအေးသာစံမြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်တို့၌ တရားမဝင် ဆေးဝါး (၆၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၈,၆၂၇,၀၀၀) ကို အမျိုးသား ဆေးဝါးဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၈,၄၅၀,၉၃၂) ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် မွန်ပြည်နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်လမြိုင်မြို့နယ်၊ ဘီးလင်းမြို့နယ်နှင့် မုဒုံမြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ယာဉ် သုံးစီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇,၀၀၀,၀၀၀) ကို ဖမ်းဆီး ရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြောင်းမြမြို့နယ်နှင့် ဟင်္သာတမြို့နယ် တို့အတွင်း၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်သုံးစီး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၅၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ နေပြည်တော် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လယ်ဝေးခရိုင်နှင့် ဥတ္တရခရိုင်တို့ အတွင်း၌ တရားမဝင် ကျွန်းသစ် (၃ ဒသမ ၄၉၁) တန်၊ အခြားသစ် (၀ ဒသမ ၆၃၁)တန်၊ မီးသွေး (၆.၄) တန် စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၄၀၂,၃၉၈) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
မတ် ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၂၉) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၆,၃၈၄,၁၃၀) ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင်ကုန်သွယ်မှုများကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စား ပြည်တွင်းစီးပွားရေးလုပ်ငန်းများမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများ စျေးကွက်အတွင်း မျှတစွာယှဉ်ပြိုင်နိုင်မှုမရှိခြင်းနှင့် စျေးကွက်ပျောက်ဆုံးခြင်းတို့ ဖြစ်ပေါ်စေပြီး ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရေးအတွက် ကြီးမားသည့် ခြိမ်းခြောက်မှုများကို ဖြစ်ပေါ်စေသည်။ သို့ဖြစ်ပါ၍ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ယခုထက်ပိုမို၍တားဆီး စစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှသိရသည်။
သတင်းစဉ်