နေပြည်တော်၊ ဒီဇင်ဘာ ၈
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၆ ရက်တွင် ရှမ်းပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကျိုင်းတုံမြို့နယ်၊ ကျိုင်းဖောင်းပူးပေါင်းစစ်ဆေးရေးဂိတ်၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်တစ်စီးပေါ်၌ တရားမဝင် ကျွန်းခွဲသားဆိုဒ်စုံ (၇ ဒသမ ၀၁၁၈)တန်၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄,၅၄၁,၃၀၀)ကို သစ်တောဥပဒေအရလည်းကောင်း၊ တရား၀င် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် Baby Diaper (Pants) (၁၂၇) ဖာ အပါအဝင် ကုန်ပစ္စည်း (၅) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၀၄၆,၀၀၀) နှင့် အဆိုပါသစ်နှင့် ကုန်ပစ္စည်းများ တင်ဆောင်လာသည့် Nissan UD အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅,၀၀၀,၀၀၀) ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၃,၅၈၇,၃၀၀) ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် နေပြည်တော်ကောင်စီနယ်မြေ၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပျဉ်းမနားမြို့နယ် သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပျဉ်းမနားမြို့နယ်၊ နန်ချိုကြိုးပြင်တောအတွင်း တရားမဝင်သစ်မျိုးစုံ (၅ ဒသမ ၀၀၅၂) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၂,၉၉၄) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထပ်မံ၍ ဒီဇင်ဘာ ၇ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မြန်မာစက်မှု ဆိပ်ကမ်းကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ တာဝန်ကျစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းနှင့် လျှပ်စစ်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁,၅၁၂,၀၀၀) ကို သိမ်းဆည်း ရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး တရားမ၀င်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က သတင်းအရ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မင်္ဂလာဒုံမြို့နယ်အတွင်း၌ တရား၀င် တင်သွင်းခွင့် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ဘေထုပ်အထည် (၄၈၁) ထုပ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၂,၁၅၀,၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းအရ လည်းကောင်း၊ လှည်းကူးမြို့နယ် သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့က လှည်းကူးမြို့နယ်၊ ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၀/၇ မိုင် တိုးဂိတ်အနီး၌ မော်တော်ယာဉ်တစ်စီးပေါ်တွင် တရားမဝင်ကျွန်းပါကေး (အကြမ်းတုံး) (၀ ဒသမ ၈၄၇၀) တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၅၇၆,၈၄၀) နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် Toyota Hiace အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၀၀၀,၀၀၀) ကို သစ်တောဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၇,၇၂၆,၈၄၀)ကို ဖမ်းဆီး အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကန့်ဘလူမြို့နယ်၊ တန့်ဆည် - ကာဘိုးကျေးရွာလမ်း၌ လိုင်စင်မဲ့ Nissan AD Van အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၅၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် ဒီဇင်ဘာ ၈ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် (၁၆) မိုင် ကျောက်ချောစစ်ဆေးရေးစခန်း၌ တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်တစ်စီးပေါ်၌ တရားဝင် တင်သွင်းခွင့် အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် နှမ်းနက် (၉၅) အိတ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၆၀၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈,၀၀၀,၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅,၆၀၀,၀၀၀) ကို ဖမ်းဆီး ရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်နှင့် တောင်ငူခရိုင်တို့အတွင်း တရားမဝင် သစ်မျိုးစုံ (၂၂ ဒသမ ၅၆၃၂) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၅၀၃,၆၉၆) ကိုဖမ်းဆီးရမိခဲ့ပြီးသစ်တောဥပဒေနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဒီဇင်ဘာ ၆ ရက်၊ ၇ ရက်နှင့် ၈ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၂) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၈,၆၈၂,၈၃၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။
သတင်းစဉ်