နေပြည်တော် နိုဝင်ဘာ ၄

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၂ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများ၏ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ထီးတန်းဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ(၁)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားခြင်းမရှိသည့် မီးကြိုးခွေ ကီလိုဂရမ်(၁၁၄၀) ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂,၅၀၀,၀၀၀ ကို လည်းကောင်း၊ အေးရှာဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ(၁)လုံးအတွင်းမှ သွင်းကုန် ကြေညာလွှာ (ID)တွင် ကြေညာထားခြင်းမရှိသည့် Remote Control Toy Car (၄၉၆)ခု နှင့် Remote Control Drone (၆၄)ခု ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၁၂၀,၀၀၀ ကို လည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇,၆၂၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ နိုဝင်ဘာ ၃ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများ၏ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာစစ်‌ဆေးရေးစခန်း၌  ကုန်သေတ္တာ(၁)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားခြင်းမရှိသည့် သိုးမွှေးအထည်များ ခန့်မှန်းတန်ဖိုးငွေကျပ် ၆၆,၄၄၈,၂၀၀ ကိုလည်းကောင်း၊ မြန်မာအပြည်ပြည် ဆိုင်ရာဆိပ်ကမ်း(သီလဝါ)၌ ကုန်သေတ္တာ (၃) လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားသည်နှင့် ကွဲလွဲတင်သွင်းလာသည့် JOCKEY  တံဆိပ် ချောဆီ (၇၈,၀၀၀)လီတာ ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၂,၄၇၇,၃၄၅ ကို လည်းကောင်း၊  စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၈,၉၂၅,၅၄၅ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မုံရွာမြို့နယ်အတွင်း Jialing အမျိုးအစား လိုင်စင်မဲ့ဆိုင်ကယ်(၁)စီး ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀,၀၀၀ ကို လည်းကောင်း၊ စစ်ကိုင်းမြို့နယ်အတွင်း Thai Anbo အမျိုးအစား လိုင်စင်မဲ့ ဆိုင်ကယ်(၁)စီး ခန့်မှန်း တန်ဖိုးငွေကျပ် ၂၀၀,၀၀၀ နှင့် လိုင်စင်မဲ့ Jing Gong အမျိုးအစား(၂၂)ဘီးတွဲယာဉ် (၁)စီး ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၀၀၀,၀၀၀ ကို လည်းကောင်း၊ အရာတော်မြို့နယ်အတွင်း LEXUS အမျိုးအစား လိုင်စင်မဲ့ မော်တော် ယာဉ်(၁)စီးခန့်မှန်းတန်ဖိုးငွေကျပ် ၈,၀၀၀,၀၀၀ ကိုလည်းကောင်း၊ ရွှေဘို-မြစ်ကြီးနား ကားလမ်း၊ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ Honda Stream အမျိုးအစား လိုင်စင်မဲ့ မော်တော် ယာဉ်(၁)စီး ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၀၀၀,၀၀၀ ကိုလည်းကောင်း၊ စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေကျပ် ၁၈,၄၀၀,၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ယင်းအပြင် ကရင်ပြည်နယ်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် ကော့ကရိတ် (တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်‌ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော မော်တော်ယာဉ်(၁)စီးပေါ်၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် ရေအပူပေးစက်(၂၉)လုံး ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၉၀၀,၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ နိုဝင်ဘာ ၄ ရက်တွင် ပဲခူးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ရိုးမကြိုးပြင်ကာကွယ် တောအတွင်း တရားမဝင်သစ်မျိုးစုံ (၀ ဒသမ ၇၂၁၂)တန် ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၀,၆၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍   နိုဝင်ဘာ ၂ ရက်၊ ၃ ရက်နှင့် ၄ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ   (၁၂) မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၈,၂၀၆,၁၄၅ ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်