နေပြည်တော်၊ အောက်တိုဘာ ၁၄

 

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၁၂ ရက်တွင်  နေပြည်တော်ကောင်စီနယ်မြေ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ဥတ္တရသီရိမြို့နယ် သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဥတ္တရသီရိမြို့နယ်အတွင်း တရားမဝင် ကျွန်းသစ် (၂ ဒသမ ၄၇၈)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၁၇,၇၄၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

 

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကလေးမြို့နယ် အတွင်း တရားမဝင် စက်သုံးဆီနှင့် ဆက်စပ်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁၀,၀၀၀)ကို ဖမ်းဆီး ရမိခဲ့ပြီး ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်

 

ယင်းအပြင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရှမ်းပြည်နယ်၊ ရေပူအမြဲတမ်းစစ်ဆေးရေး စခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မူဆယ်မြို့မှ မန္တလေးမြို့သို့ သွားရောက်မည့်  မော်တော်ယာဉ်(၁)စီးပေါ်၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း၊ အလှကုန်ပစ္စည်း၊ လုပ်ငန်းသုံးပစ္စည်း၊ အီလက်ထရောနစ်ပစ္စည်း၊ စိုက်ပျိုးရေးသုံးပစ္စည်းနှင့် အခြားလူသုံးကုန်ပစ္စည်းမျိုးစုံ (ခန့််မှန်းတန်ဖိုး ငွေကျပ် ၁၈,၆၆၉,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan AD Van အမျိုးအစား မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆,၀၀၀,၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄,၆၆၉,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

 

အလားတူ အောက်တိုဘာ ၁၄ ရက်တွင် ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ် (တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော မော်တော်ယာဉ်(၁)စီးပေါ်၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင် ခြင်း မရှိသည့် ရေအပူပေးစက်(၂၁)လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၁၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်နှင့် သာယာဝတီခရိုင်များအတွင်း တရားမဝင် သစ်မျိုးစုံ (၇ ဒသမ ၄၂၄၀)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၀၉၆,၆၇၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ပါ၍  အောက်တိုဘာ ၁၂  ရက်နှင့် ၁၄ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၁၁)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၉၉၃,၄၁၀) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။

(သတင်းစဉ်)