တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော်၊ သြဂုတ် ၁၄

 

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၁၀ ရက်နှင့် ၁၁ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အောင်လံမြို့နယ်နှင့် မင်းဘူးမြို့နယ်အတွင်း တရားမဝင် ကျွန်းခွဲသား၊ ချဉ်ယုတ်ခွဲသား၊ ရုံးခွဲသားနှင့် လက်ပံခွဲသား (၅ ဒသမ ၁၁၂၆)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၀၂၃,၈၃၈) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

အလားတူ ဩဂုတ် ၁၂ ရက်တွင် ရှမ်းပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကျိုင်းတုံမြို့နယ် အကောက်ခွန်ဦးစီးဌာနမှူး ဦးစီးသော အကောက်ခွန် စစ်ဆေးရေးအဖွဲ့က ကင်းလှည့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကျိုင်းတုံနှင့် တာချီလိတ်အကြား ပန်ကွဲတောင်အဆင်း (၂၁) မိုင်၊ အာခါရွာအနီးတွင် ပိုင်ရှင်မဲ့စုပုံထားသော Diesel Engine Oil ဘူး (၁၅၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၂၅၀,၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဩဂုတ် ၁၂ ရက်တွင် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့က အင်းတော်မြို့နယ်၊ ဖက်ဆွတ်ကြိုးဝိုင်းအတွင်း တရားမဝင် ပျဉ်ကတိုးသစ် (၇ ဒသမ ၁၈၈) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၇၉၇,၀၀၀) ကို သစ်တောဥပဒေအရလည်းကောင်း၊ ဩဂုတ် ၁၃ ရက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က ကံတလူ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ TOYOTA CROWN အမျိုးအစား လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၀၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၇၉၇,၀၀၀) ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့အပြင် ဩဂုတ် ၁၃ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မအူပင်မြို့နယ်၊ တလုပ်လပ်အရှေ့ကျေးရွာ၊ မြို့ဝင် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ TOYOTA WISH အမျိုးအစား လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၀၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

mdn

 

ယင်းအပြင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ် (တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ တာဝန်ကျစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဩဂုတ် ၁၃ ရက်တွင် မြဝတီမြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည့် ကုန်တင်ယာဉ် နှစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာ ID တွင် ကြေငြာထားခြင်း မရှိသော ထမင်းချက်ပေါင်းအိုး (၂၀၈) လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၀၈၀,၀၀၀) နှင့် Foam Slipper အရံ(၂၂၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၀၈၀,၀၀၀) ကိုလည်းကောင်း၊ ဩဂုတ် ၁၄ ရက်တွင် မြဝတီမြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည့် ကုန်တင်ယာဉ်တစ်စီးပေါ်မှ သွင်းကုန် ကြေညာလွှာ ID တွင် ကြေငြာထားသည်ထက် ပိုမိုတင်ဆောင်လာသော ကျားဝတ်လုံ ချည်များ (ခန့်မှန်တန်ဖိုးငွေကျပ် ၂,၈၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၇,၉၆၀,၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေး ယူဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ပါ၍ သြဂုတ် ၁၀ ရက်၊ ၁၁ ရက်၊ ၁၂ ရက်၊ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲကိုးမှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀၃၀,၈၃၈) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

 

သတင်းစဉ်