နေပြည်တော် ဒီဇင်ဘာ ၅
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၃ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မကွေးခရိုင်နှင့် သရက်ခရိုင်အတွင်း၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် (၄) စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၀,၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ မကွေးခရိုင်နှင့် မင်းဘူးခရိုင်တို့အတွင်း၌ တရားမဝင် ကျွန်းသစ် (၅ ဒသမ ၁၄) တန်၊ အခြားသစ် (၂၈ ဒသမ ၁၉၃) တန်၊ တရုတ်နီအင်ဂျင် (၂) လုံး၊ သုံးဘီးမော်တော်ဆိုင်ကယ် (၂) စီးနှင့် သစ်စက်ဆက်စပ်ပစ္စည်းများ(ခန့်မှန်းတန်ဖိုးငွေကျပ် ၉,၈၆၃,၅၉၄) ကို သစ်တောဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၆၆၃,၅၉၄) ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဒီဇင်ဘာ ၄ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ (၁၈) လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း (၂) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅၀,၈၉၂,၂၇၀) ကိုလည်းကောင်း၊ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ (၃) လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း (၃) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၁,၈၁၀,၉၆၀) ကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ် (သွင်းကုန်) ၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း (၁၅) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၇,၈၄၈,၉၈၉) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၅၀,၅၅၂,၂၁၉) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မိုးကောင်းမြို့နယ်နှင့် မိုးညှင်းမြို့နယ်တို့၌ တရားမဝင် စက်သုံးဆီ ဓါတ်ဆီ (၄၈၄) ဂါလန်၊ ဒီဇယ်ဆီ (၇၇၃) ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ်
၃၈,၂၈၈,၀၀၀) နှင့် အဆိုပါစက်သုံးဆီများ တင်ဆောင်လာသည့် မော်တော်ယာဉ် (၂) စီးနှင့် မော်တော်ဆိုင်ကယ် (၂၀) စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၁,၂၈၈,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် ရှမ်းပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မူဆယ်မြို့၊ ဆင်ဖြူဈေးအတွင်း တစ်နေရာ၌ စုပုံထားသော အကောက်ခွန်မဲ့ စားသောက်ကုန်ပစ္စည်း (၁၆) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈,၁၃၀,၀၀၀) ကိုလည်းကောင်း၊ နမ့်ခမ်း - မူဆယ်လမ်းမဘေးတစ်နေရာ၌ စုပုံထားသော အကောက်ခွန်မဲ့ ကျောက်စိမ်းဟု ယူဆရသော လက်ကောက်ကွင်းအကြမ်းထည်မျိုးစုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၇,၀၆၅,၀၀၀) ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၅,၁၉၅,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၃၆၄/၁) ၌ မော်တော်ယာဉ် (၁) စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း (၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၇၆၃,၅၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Higer Bus (၁) စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၅,၇၆၃,၅၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ဒီဇင်ဘာ ၃ ရက်နှင့် ၄ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၅၂) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၁၄၃,၄၆၂,၃၁၃) ကို ဖမ်းဆီးရမိသည်။ တရားမဝင် ကုန်သွယ်မှုများကြောင့် အသေးစား၊ အငယ်စားနှင့်အလတ်စား ပြည်တွင်းစီးပွားရေးလုပ်ငန်းများမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများ စျေးကွက်အတွင်း မျှတစွာ ယှဉ်ပြိုင်နိုင်မှုမရှိခြင်းနှင့် စျေးကွက်ပျောက်ဆုံးခြင်းတို့ ဖြစ်ပေါ်စေပြီး ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရေးအတွက် ကြီးမားသည့် ခြိမ်းခြောက်မှုများကို ဖြစ်ပေါ်စေသည်။ သို့ဖြစ်၍ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ယခုထက်ပိုမို၍ တားဆီးစစ်ဆေး ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှသိရသည်။
သတင်းစဉ်