တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် မေ ၁၆

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေလ ၁၄ ရက်တွင် မွန်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်လမြိုင်မြို့၊ မြို့ရှောင်လမ်း၊ မြေနီကုန်း ကားကြီးဝင်းအနီး၌ မော်လမြိုင်မြို့မှ သထုံမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁) စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Lactasoy ပဲနို့ ဘူး (၇၂၀၀)၊ ပုစွန်နှစ်ကောင်စားအုန်းဆီ (၁) လီတာပါ ဘူး (၈၄၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၄၅၀,၀၀၀) နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Nissan Atlas Truck (၁) စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၄၅၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ မေ ၁၄ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ (၇) လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် KAZU Lead Acid Battery အလုံး (၂၀၀)၊ Solar Pannel အခု (၉၅၀)၊ Yuanda တံဆိပ် ဓါတ်လှေကားအပိုပစ္စည်း (၂) ခု အပါအဝင် ကုန်ပစ္စည်း (၉) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၂၄,၃၂၈,၄၀၀)ကိုလည်းကောင်း၊ အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ (၃၃) လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာ ပါရှိလာသည့် FAW Baling Truck (Without Body) (၃) စီး၊ အိန္ဒိယနိုင်ငံထုတ် ဆေးဝါး Caine Bupivacaine Injection ထုံဆေးဘူး (၄၃၀၀) နှင့် Blue Diamond ချည်မျှင် ကီလိုဂရမ် (၂၇၂၄၀)၊ အပါအဝင် ကုန်ပစ္စည်း (၄) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၁,၇၄၀,၉၁၈) ကိုလည်းကောင်း၊ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် (၁) စီး ပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ဗီယက်နမ်နိုင်ငံထုတ် SAILUN ကားတာယာ (၁၀၂) လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၃၀၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck (၁) စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၃၁,၃၆၉,၃၁၈) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မေလ ၁၅ ရက်တွင် မန္တလေးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ (၁၆) မိုင် ကျောက်ချောစစ်ဆေးရေးစခန်း၌ မော်တော်ယာဉ်(၁) စီးပေါ်မှ တရားမဝင် အခြားသစ် (၀ ဒသမ ၆၃၁) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၈၄၁,၃၀၀) နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် Light Truck(၁) စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၀၀၀,၀၀၀)၊ ကျွဲတပ်ဆုံစစ်ဆေးရေးစခန်း၌ မော်တော် ယာဉ်(၁) စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ် ဆံပင်အတု ကီလိုဂရမ် (၁၀၂၀) အပါအဝင် ကုန်ပစ္စည်း (၂) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉,၅၅၂,၀၀၀) နှင့် Nissan Diesel Truck (၁) စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀,၀၀၀,၀၀၀) နှင့် မြစ်ငယ်စစ်ဆေးရေးစခန်း၌ မော်တော်ယာဉ် (၁) စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် Apple Tissue (၄၀၅၀) ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း(၂) မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၄,၀၉၅,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck (၁) စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅,၀၀၀,၀၀၀) တို့ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ ရွှေကျင်စစ်ဆေးရေးစခန်း၌ ဆီသယ်ယာဉ် (၃) စီးပေါ်မှ တရားမဝင်စက်သုံးဆီ ဒီဇယ်ဆီ (၈၇၄၄) ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၇,၀၈၄,၇၉၃) နှင့် အဆိုပါစက်သုံးဆီများ တင်ဆောင်လာသည့် Dong Feng ဆီသယ်ယာဉ် (၁) စီး၊ Nissan Diesel ဆီသယ်ယာဉ် (၁) စီး၊ Hoyun Tractor Head (၁) စီးနှင့် ဆီသယ် နောက်တွဲယာဉ် (၁) တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀,၀၀၀,၀၀၀) ကို ရေနံနှင့် ‌ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၂၃,၅၇၃,၀၉၃) ကို ဖမ်းဆီး အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ မေ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၂၄) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၂၈၀,၃၉၂,၄၁၁) ဖြစ်ကြောင်း  တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်