နေပြည်တော်၊ ဒီဇင်ဘာ ၁၇

 

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၁၆ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မုံရွာမြို့၊ နတ်လူထိပ်ပန် ရပ်ကွက်၊ ချင်းတွင်းမြစ်အနီး၌ တရားမဝင် စက်သုံးဆီ ဒီဇယ်ဆီ (ချက်ဆီ) (၃၂) ပေပါ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၈၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါသည်။

 

ထို့အတူ မကွေးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်‌ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မကွေးခရိုင်၊ မင်းဘူးခရိုင်၊ ပခုက္ကူခရိုင်နှင့် သရက်ခရိုင်တို့အတွင်း၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် ရှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၂၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ မင်းဘူးမြို့နယ်၊ ကျွဲချကျေးရွာ၌ တရားမဝင် ရေနံစိမ်း (၃၃) ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၅,၅၀၀)ကို ပြည်သူပိုင်ပစ္စည်းကာကွယ်ရေး အက်ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၃၁၅,၅၀၀) ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် (၃၆၆/၆)၊ တံခွန်တိုင်အဝိုင်းအနီး၌ မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း နှစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၉,၉၁၅,၅၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Scania Bus တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၄၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၉,၉၁၅,၅၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ (၁၄၆) ရပ်ကွက်၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားမဝင် ကျွန်းသစ် (၀.၉၅၃)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၃၈,၆၄၀) နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် Toyota Voxy မော်တော်ယာဉ် တစ်စီး

(ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၀၀၀,၀၀၀)ကို သစ်တောဥပဒေအရလည်းကောင်း၊ သာကေတမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ယာဉ် (၅)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂,၀၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၇,၈၃၈,၆၄၀)ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ ကရင်ပြည်နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရဲသာယာယီယာဉ်စစ်ကွင်း၌ မော်တော် ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံး ပစ္စည်း နှစ်မျိုး၊ စားသောက်ကုန်ပစ္စည်း တစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၀၀၀,၀၀၀) နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၀၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ မွန်ပြည်နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်လမြိုင်မြို့နယ်၊ သထုံမြို့နယ်၊ ရေးမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ် ငါးစီး စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၅,၀၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန ်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

 

ထို့အတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင် လာသည့် မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် စားသောက်ကုန်ပစ္စည်းနှစ်မျိုး၊ လူသုံးကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၀၆၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Yutong Bus တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၆၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေး စခန်း၌ ကုန်သေတ္တာ ကိုးလုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် လုပ်ငန်းသုံးပစ္စည်း (၄၂) မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၃၉,၉၄၆,၂၈၅) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၇,၀၀၆,၂၈၅)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၃၄) မှု၊ (ခန့်မှန်း တန်ဖိုးငွေကျပ် ၇၂၄,၈၇၅,၉၂၅) ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင် တင်သွင်းလာမှုများကြောင့် တရားဝင် တင်သွင်းသည့် ကုန်သည်လုပ်ငန်းရှင်များအတွက် ထိခိုက်နစ်နာမှုနှင့် စျေးကွက်ယှဉ်ပြိုင်နိုင်မှုစွမ်းအား ကျဆင်းခြင်းတို့ ဖြစ်ပေါ်စေပြီး နိုင်ငံတော်အတွက် အခွန်ဆုံးရှုံးနစ်နာခြင်းများ ဖြစ်ပေါ်စေသည်။ သို့ဖြစ်ပါ၍ ဆိပ်ကမ်းများနှင့် နယ်စပ်ဒေသများမှ တရားမဝင် ကုန်စည်တင်သွင်းမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများမှ ယခုထက်ပိုမို တားဆီးစစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း သတင်းရရှိသည်။                                                            

သတင်းစဉ်