နေပြည်တော်၊ သြဂုတ် ၂၇

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၂၃ ရက်တွင် ကချင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်၊ ဗလမင်းထင်တံတားအနီး၌ တရားမဝင် စက်သုံးဆီ ဒီဇယ်ဆီ (၃၉၄)ပေပါ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀,၄၀၀,၀၀၀)နှင့် အဆိုပါစက်သုံးဆီများ တင်ဆောင်လာသည့် I Zone Oil Bowser (၁)စီး၊ Hintar Oil Bowser (၁)စီးနှင့် NID Oil Bowser (၁)စီး၊ စုစုပေါင်း ဆီသယ်ယာဉ်(၃)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၅,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၅,၄၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

 

ထို့ပြင် သြဂုတ် ၂၅ ရက်တွင် နေပြည်တော်ကောင်စီ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပျဉ်းမနား မြို့နယ်၌ လိုင်စင်မဲ့ Honda Super Four မော်တော်ဆိုင်ကယ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၀၀၀,၀၀၀) ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ လယ်ဝေးမြို့နယ်၌ တရားမဝင်ကျွန်းသစ် (၁၉ ဒသမ ၈၀၄)တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၇,၂၃၁,၀၁၀)ကို သစ်တောဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၃,၂၃၁,၀၁၀)ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ သြဂုတ် ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘုရားကြီးမြို့၊ ရွှေသံလွင်တိုးဂိတ်အနီး၌ မော်လမြိုင်မြို့မှ မန္တလေးမြို့သို့မောင်းနှင်လာသည့် မော်တော်ယာဉ် (၁)စီး၊  မြိတ်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်(၁)စီးနှင့် ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်(၂)စီးတို့ပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် စားသောက်ကုန်ပစ္စည်း(၁၉)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃,၁၅၂,၀၀၀)၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Express Bus (၁)စီး၊ စက်မှုဇုန်ထုတ် Hiace (၁)စီး၊  Yutong Bus (၁)စီးနှင့် Mitsubishi Fuso Bus (၁)စီး၊ စုစုပေါင်း မော်တော်ယာဉ်(၄)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၆၀,၀၀၀,၀၀၀)တို့ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ တောင်ငူ ခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် (၆ ဒသမ ၃၉၅)တန်၊ သစ်မာ (၁၁ ဒသမ ၇၄၉)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃,၆၁၇,၈၅၆)ကို သစ်တောဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀၆,၇၆၉,၈၅၆) ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် သြဂုတ် ၂၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရွှေပြည်သာ မြို့နယ်ရှိ ဆေးဆိုင် (၃)ဆိုင်၌ မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင်အမှတ်မပါရှိသည့် တရားမဝင် ဆေးဝါး(၁၄)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၅၂,၃၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် သြဂုတ် ၂၆ ရက်တွင် တနင်္သာရီတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြိတ်ခရိုင်နှင့် ကော့သောင်း ခရိုင်အတွင်း၌ တရားမဝင် သစ်မျိုးစုံ (၃ ဒသမ ၅၂၈)တန်နှင့် လူသုံးကုန်ပစ္စည်း (၁)မျိုး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၈၆၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်း ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ သြဂုတ် ၂၆ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရွာသာကြီး Dry Port ၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော‌ မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း(၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၀၃၅,၃၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာ သည့် Yutong Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀,၀၀၀,၀၀၀)ကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၊ လေဆိပ်(သွင်းကုန်)၌ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Pioneer DJ စက် (၂)လုံး အပါအဝင် လုပ်ငန်းသုံးပစ္စည်း (၂)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၇,၀၅၉,၉၈၁) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၇,၀၉၅,၂၈၁)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်၍ သြဂုတ် ၂၃ ရက်၊ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၂၄)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၉၆,၀၀၈,၄၄၇)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။

(သတင်းစဉ်)