တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော်၊ မေ ၁၉

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေ ၁၆ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ရာတွင် ကျွန်းစုမြို့နယ်၌ စက်လှေ တစ်စီးပေါ်မှ တရားမဝင်အခြားသစ် (၁၈ ဒသမ ၆၆၆) တန်နှင့် အဆိုပါသစ်များ တင်ဆောင်ထားသည့် သစ်သားစက်လှေတစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၀၀၉,၉၅၀) ကို သစ်တော ဥပဒေအရလည်းကောင်း၊ ဘုတ်ပြင်းမြို့နယ်၌ လိုင်စင်မဲ့ Honda Wave 110 မော်တော် ဆိုင်ကယ်နှစ်စီးနှင့် Smash 125 မော်တော် ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၆၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၆၀၉,၉၅၀) ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

 

ထို့ပြင် မေ ၁၈ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရတနာပုံ တံတား (မန္တလေး) ပူးပေါင်းစစ်ဆေးရေးစခန်း၌ ဆီသယ်ယာဉ် တစ်စီးပေါ်မှ တရားမဝင် စက်သုံးဆီ ဒီဇယ်ဆီဂါလန် (၁၈၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၂၅၀,၀၀၀) နှင့် အဆိုပါစက်သုံးဆီများ တင်ဆောင်လာသည့် Howo Tractor Head တစ်စီးနှင့် ဆီသယ်နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀,၀၀၀,၀၀၀) ကို ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရ လည်းကောင်း၊ ရွှေကျင်စစ်ဆေးရေးစခန်း၌ မော်တော်ယာဉ်သုံးစီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် တရုတ်နိုင်ငံထုတ် ကားအပိုပစ္စည်း ဒီဇယ်အင်ဂျင် ရှစ်လုံး၊ သံမဏိချောင်း ကီလိုဂရမ် (၆၉၀) အပါအဝင် ကုန်ပစ္စည်းခုနစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂,၁၁၄,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင် လာသည့် Mitsubishi Fuso Truck တစ်စီး၊ Hino Profia Truck တစ်စီးနှင့် စက်မှုဇုန်ထုတ် Htila Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၅,၀၀၀,၀၀၀)ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၇,၃၆၄,၀၀၀)ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

 

 

ထို့ပြင် မေ ၁၈ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ကွက်၊ သီရိမင်္ဂလာဂုံးကျော်တံတားအဆင်း၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် တရုတ်နိုင်ငံထွက် ပဲကြီးအိတ် (၁၄၀၀)၊ စက်မှုကုန်ကြမ်း ကော်အမှုန့်အိတ် (၂၄၀၀) အပါအဝင် ကုန်ပစ္စည်း (၃) မျိုး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၂,၄၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။

ထို့ပြင် မေ ၁၈ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်တို့အတွင်း၌ တရားမဝင်ကျွန်းသစ်တန် (၅ ဒသမ ၇၇၀) ၊ သစ်မာ (၁ ဒသမ ၅၉၆) တန်၊ အခြားသစ် (၀ ဒသမ ၁၉၇) တန် စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၃၀၁,၃၅၂) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်၍ မေ ၁၆ ရက်နှင့် ၁၈ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၈)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၆,၆၇၅,၃၀၂) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ မှသိရသည်။

သတင်းစဉ်