နေပြည်တော်၊ ဧပြီ ၉

 

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီ ၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ရာတွင် ရွာသာကြီး Dry Port ၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက် စာတမ်း အထောက်အထား တင်ပြ နိုင်ခြင်းမရှိသည့် စားသောက်ကုန်ကြမ်းပစ္စည်း Golda Shortening ကီလိုဂရမ် (၆၀၀၀) အပါအဝင် ကုန်ပစ္စည်း (၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄,၂၅၀,၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Fuso Tractor Head (၁)စီးနှင့် နောက်တွဲယာဉ်(၁)တွဲ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၄၄,၂၅၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ‌ ဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် ဧပြီ ၈ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ(၂)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာပါရှိလာသည့် တရုတ်နိုင်ငံထုတ် Ceramic Tiles (၂၈၀၈) စတုရန်းမီတာ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂,၄၃၂,၄၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ‌ ဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ ဧပြီ ၈ ရက်တွင် ကချင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြစ်ကြီးနားမြို့၊ ပမ္မတီးရပ်ကွက်၊ ပမ္မတီး မြစ်ဆိပ်ကမ်း၊ စက်လှေဆိပ်၌ တရားမဝင် စက်သုံးဆီ ဒီဇယ်ဆီ ဂါလန် (၅၀၈၀) ၊ ဓါတ်ဆီ ဂါလန် (၂၄၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀,၆၉၆,၀၀၀)နှင့် အဆိုပါစက်သုံးဆီများ တင်ဆောင်လာသည့် အင်ဂျင်ပါ စက်လှေ (၂)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၀၀၀,၀၀၀)ကို ရေနံနှင့်ရေနံထွက် ပစ္စည်းဆိုင်ရာဥပဒေအရလည်းကောင်း၊ မိုးကောင်းမြို့နယ်၊ ပြည်ထောင်စုလမ်းမကြီးအနီး၌ လိုင်စင်မဲ့ Nissan AD Van မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၀၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေ အရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၀၃,၆၉၆,၀၀၀)ကို ဖမ်းဆီးအရေးယူဆောင်ရွက် လျက် ရှိသည်။

 

ထို့အတူ ဧပြီ ၈ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့၊ တကောင်း ရပ်ကွက်၊ ရတနာပုံတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Lancruiser Prado (၁)စီး
(ခန့်မှန်း တန်ဖိုးငွေကျပ် ၂၆,၀၀၀,၀၀၀)နှင့် တရုတ်နိုင်ငံထုတ် Superir Soy တံဆိပ်ပါ ပဲငံပြာရည် ဖာ (၁၁၁၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၉,၃၂၄,၀၀၀)ကိုလည်းကောင်း၊ ရွှေဘိုမြို့၊ မြောင်းကြီးကျေးရွာ အနီး၌ လိုင်စင်မဲ့ Ford Everest မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၀၀၀,၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀,၃၂၄,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် ဧပြီ ၈ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်၊ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်တို့အတွင်း၌ တရားမဝင် ကျွန်းသစ် (၆ ဒသမ ၁၈၉)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၆၅၂,၂၁၂)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ ဧပြီ ၈ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရွှေကျင် ပူးပေါင်းစစ်ဆေး ရေးဂိတ်၌ ဆီသယ်ယာဉ်(၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စက်သုံးဆီ ဒီဇယ်ဆီ ဂါလန် (၃၂၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂,၀၀၀,၀၀၀)နှင့် အဆိုပါစက်သုံးဆီများ တင်ဆောင်လာသည့် Hyundai KMFPA Bowser (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၂,၀၀၀,၀၀၀)ကို ဖမ်းဆီး ရမိခဲ့ပြီး ရေနံနှင့်ရေနံထွက် ပစ္စည်းဆိုင်ရာဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်၍ ဧပြီ ၆ ရက်နှင့် ၈ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၅)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉၇,၃၅၄,၆၁၂) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

(သတင်းစဉ်)