နေပြည်တော်၊ ဒီဇင်ဘာ ၂၇
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၂၆ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရွှေဘို-မြစ်ကြီးနား မဟာဗျူဟာကားလမ်း၊ ကန့်ဘလူမြို့ အဝင်လမ်းဆုံ၌ တရားမဝင် စက်သုံးဆီ ဒီဇယ်ဆီ (၇၃၅)ပေပါ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၅,၅၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေ နှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
ထို့အတူ တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ထားဝယ်မြို့နယ်နှင့် ကော့သောင်း မြို့နယ် တို့၌ လိုင်စင်မဲ့မော်တော်ယာဉ် (၄)စီး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန် သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မကွေးခရိုင်၊ မင်းဘူးခရိုင်နှင့် ပခုက္ကူခရိုင် တို့အတွင်း၌ လိုင်စင်မဲ့မော်တော်ယာဉ် (၁)စီးနှင့် မော်တော်ဆိုင်ကယ် (၄)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇,၁၅၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ ကုန်းကြီးကျေးရွာ၌ တရားမဝင် စက်သုံးဆီ ဒီဇယ်ဆီ (ချက်ဆီ) (၁၄၅)ပေပါ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၉,၅၀၀,၀၀၀)နှင့် အဆိုပါ ဆီများသိုလှောင်ရာတွင် အသုံးပြုသည့် သံကန် (၂)ကန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄,၀၀၀,၀၀၀)ကို ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရလည်းကောင်း၊ တောင်တွင်းကြီးမြို့နယ်၊ အိုးပေါက်ကျေးရွာ၌ တရားမဝင် ကျွန်းသစ် (၀ ဒဿမ ၁၈၀)တန်၊ အခြားသစ် (၆ ဒသမ ၂၁၆)တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၆၂,၀၈၀)ကို သစ်တောဥပဒေ အရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၁,၁၁၂,၀၈၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မန္တလေးမြို့ဟောင်းဘူတာ၌ ရန်ကုန်-မန္တလေး အဆန်ရထား၊ ကုန်တင်တွဲနံပါတ်-B.V.47504 ပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြ နိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း (၁)မျိုး စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၅,၀၀၄,၀၀၀)ကို ဖမ်းဆီး ရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ(၉)လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း (၃)မျိုး စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၄၆,၄၃၅,၆၄၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဒီဇင်ဘာ ၂၇ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်၊ တောင်ငူခရိုင်နှင့် ညောင်လေးပင်ခရိုင်တို့အတွင်း၌ တရားမဝင်ကျွန်းသစ် (၃ ဒသမ ၂၄၇)တန်၊ သစ်မာ (၁ ဒသမ ၃၃၇)တန်၊ အခြားသစ် (၄ ဒသမ ၄၃၇)တန် စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၆၉၅,၂၄၄)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၂၅)မှု၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁,၀၀၈,၇၄၆,၉၆၄)ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင် တင်သွင်းမှုများကြောင့် နိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များကို အောင်မြင်အောင် ဆောင်ရွက်ရာတွင် သိသာစွာ ထိခိုက် နစ်နာမှုများ ဖြစ်ပေါ်စေနိုင်သကဲ့သို့ ရင်းနှီးမြှုပ်နှံမှုကဏ္ဍမှရရှိသည့် အခွန်အခများ၊ တရားဝင်အလုပ်အကိုင် အခွင့်အလမ်းများ၊ ဂေဟစနစ်နှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ အပေါ် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေနိုင်သည်။ သို့ဖြစ်ပါ၍ သက်ဆိုင်ရာတာဝန်ရှိသူများမှ ယခုထက်ပိုမို၍ တားဆီးစစ်ဆေး ကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
(သတင်းစဉ်)