နေပြည်တော် စက်တင်ဘာ ၂၈
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ
စက်တင်ဘာ ၂၇ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် (၁) စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း (၁) မျိုး၊ စားသောက်ကုန်ပစ္စည်း (၁) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၅၆၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Yutong Bus (၁) စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၇,၅၆၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြိတ်မြို့၊ အင်းလေးမြိုင်ရပ်၊ မင်းဓမ္မလမ်းရှိ ဂိုဒေါင် (၁) လုံးအတွင်းမှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း (၂) မျိုး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၉,၄၇၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကျွဲတပ်ဆုံစစ်ဆေးရေးစခန်း၌ အောင်ပန်းမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁) စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း (၁) မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉,၅၀၀,၀၀၀)၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Ranger Truck (၁) စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၂,၀၀၀,၀၀၀) နှင့် မန္တလေးမြို့မှ မိုင်းရယ်မြို့ သွားရောက်မည့် မော်တော်ယာဉ် (၁) စီးပေါ်မှ တရားမဝင် စက်သုံးဆီ ဓာတ်ဆီ (၁၇၆) ပေပါ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၈,၅၉၇,၃၈၅)၊ အဆိုပါ စက်သုံးဆီများ တင်ဆောင်လာသည့် Faw Tractor Head (၁) စီးနှင့် ဆီသယ်နောက်တွဲယာဉ် (၁) တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၁,၀၀၀,၀၀၀) တို့ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ သာစည်မြို့နယ်၌ တရားမဝင် ကျွန်းသစ် (၀ ဒသမ ၅၄၆) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၀,၀၀၀) နှင့် ပုသိမ်ကြီးမြို့နယ်၌ လုပ်ငန်းသုံးပစ္စည်း (၁) မျိုး၊ လိုင်စင်မဲ့မော်တော်ယာဉ် (၂) စီးနှင့် စက်ယန္တရားယာဉ် (၁) စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀,၄၀၀,၀၀၀) ကို သစ်တောဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၉၁,၆၇၇,၃၈၅) ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာလ ၂၇ ရက်တွင် ညောင်ခါးရှည် X-Ray စက် စစ်ဆေးရေးဂိတ်၌ မော်လမြိုင်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁) စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း (၄) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၇၉၂,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Ankai Express Bus (၁) စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ စက်တင်ဘာ ၂၈ ရက်တွင် ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ လိုင်စင်မဲ့ Honda Fit မော်တော်ယာဉ် (၁) စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၀၀၀,၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း၊ တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်၊ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်တို့အတွင်း၌ တရားမဝင် ကျွန်းသစ် (၇ ဒသမ ၉၇၈) တန်၊ အခြားသစ် (၃ ဒသမ ၄၀၁) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၈၅၇,၄၅၆) ကို သစ်တောဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၃,၆၄၉,၄၅၆) ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိပါသည်။
သို့ဖြစ်ပါ၍ စက်တင်ဘာ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၆) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ်၆၃၂,၃၅၆,၈၄၁) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်
