နေပြည်တော် ဒီဇင်ဘာ ၃၀
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာဒီဇင်ဘာ ၂၉ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ(၁)လုံး အတွင်းမှ သွင်းကုန် ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့် Click LED မီးသီး (၁၀၀၈)လုံး အပါအဝင် ကုန်ပစ္စည်း (၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၅၈၄,၀၀၀)ကိုလည်းကောင်း၊ အေးရှားဝေါလ်ဆိပ်ကမ်း၌ သွင်းကုန် ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာ ပါရှိလာသည့် စတီးဇွန်း(အကြီး) အချောင်း(၆၀၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၀၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၅၈၄,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဒီဇင်ဘာ ၂၉ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေတရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပျဉ်းမနားမြို့နယ်၌ တရားမဝင် ကျွန်းသစ် (၀ ဒသမ ၅၈၈)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၅,၀၀၀)ကို ဖမ်းဆီး ရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဒီဇင်ဘာ ၂၉ ရက်တွင် မကွေးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မကွေးမြို့နယ်၊ ကံပြားကျေးရွာအနီး၌ လိုင်စင်မဲ့ Honda CB 400 မော်တော်ဆိုင်ကယ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဒီဇင်ဘာ ၂၉ ရက်တွင် တနင်္သာရီတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၊ သူဌေးကျွန်းရှေ့ ရေပြင်အနီး၌ သစ်သားစက်လှေ (၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ဘိလပ်မြေ ကီလိုဂရမ် (၅၀) ပါ (၂၉)အိတ်၊ Chang Beer ဘူး (၂၄၀) အပါအဝင် ကုန်ပစ္စည်း (၂၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၁၉၂,၆၀၀) ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့၊ ဆင်ဆိပ် ရပ်ကွက်၌ လိုင်စင်မဲ့ Isuzu D-Max မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၅၀၀,၀၀၀)နှင့် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၌ လိုင်စင်မဲ့ Honda CRZ မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆,၀၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ ထားဝယ်မြို့နယ်၊ ကြက်စားပြင် ရပ်ကွက်၌ တရားမဝင် အခြားသစ် (၂ ဒသမ ၀၇၇)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၁၈,၀၅၀)ကို သစ်တော ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈,၂၁၀,၆၅၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဒီဇင်ဘာ ၂၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သန်လျင်မြို့နယ်၊ ကျိုက်အင်းကျေးရွာ၌ တရားမဝင် စက်သုံးဆီ ဓါတ်ဆီ (၁၃၂)ဂါလန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၅၃၆,၀၈၄)ကို ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေအရ လည်းကောင်း၊ ရွာသာကြီး Dry Port ၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်(၁)စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့် Car Crankshaft ကီလိုဂရမ် (၃၅၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁,၀၂၅,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင် လာသည့် MAN Tractor Head (၁)စီးနှင့် နောက်တွဲယာဉ်(၁)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၅,၀၀၀,၀၀၀)ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၀၇,၅၆၁,၀၈၄)ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဒီဇင်ဘာ ၂၉ ရက်တွင် ပဲခူးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးမြို့၊ ကျွန်းသာယာရပ်ကွက်၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ပုစွန်တစ်ကောင် စားအုန်းဆီ (၁၈)လီတာပါ (၃၈၁)ပုံး၊ ပုစွန်နှစ်ကောင် စားအုန်းဆီ (၅)လီတာပါ (၄၂၀)ဘူး၊ (၂)လီတာပါ (၆၁၂)ဘူးနှင့် (၁)လီတာပါ (၁၂၁၂)ဘူး၊ ပဲပိစပ်ဆီ (၅)လီတာပါ (၄၀၀)ဘူး၊ (၁ ဒသမ ၉)လီတာပါ (၆)ဘူးနှင့် (၁)လီတာပါ (၃၈၄)ဘူး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၀၂၄,၀၀၀)နှင့် အဆိုပါ စားအုန်းဆီများ တင်ဆောင်ထားသည့် Kia Bongo Light Truck မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀,၀၂၄,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဒီဇင်ဘာ ၂၉ ရက်တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၅)မှု၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၁၃,၄၆၄,၇၃၄)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ မှသိရသည်။
သတင်းစဉ်