နေပြည်တော် ဖေဖော်ဝါရီ ၂၀

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ဖေဖော်ဝါရီ ၁၉ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့၊ ရတနာပုံ တံတားပူးပေါင်းစစ်ဆေးရေးဂိတ်နှင့် စစ်ကိုင်းမြို့၊ ကံတလူ ပူးပေါင်း စစ်ဆေးရးဂိတ်တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ် (၄)စီး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၇,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြစ်ငယ် စစ်ဆေးရေးဂိတ်၌ ရန်ကုန်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် လုပ်ငန်းသုံးပစ္စည်း (၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈,၁၇၄,၈၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Man Tractor Head (၁)စီးနှင့် နောက်တွဲယာဉ် (၁)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၁,၀၀၀,၀၀၀)ကိုလည်းကောင်း၊ ရတနာပုံတား (မန္တလေး)စစ်ဆေးရေး ဂိတ်၌ မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ သွားရောက်မည့် မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင် စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် လူသုံးကုန်ပစ္စည်း (၁၆)မျိုး လုပ်ငန်းသုံးပစ္စည်း (၅)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၈,၃၀၄,၄၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Ipsum (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂,၀၀၀,၀၀၀)ကိုလည်းကောင်း၊ကျွဲတပ်ဆုံစစ်ဆေးရေးဂိတ်၌မော်တော်ယာဉ် (၃)စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း (၃၂)မျိုး၊ လူသုံးကုန်ပစ္စည်း (၁၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၂,၆၆၅,၁၇၅)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck (၁)စီး၊ King Long Bus (၁)စီး၊ Hino Profia Tractor Head (၁)စီးနှင့် နောက်တွဲယာဉ်(၁)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၈,၀၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၀,၁၄၄,၃၇၅)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲ မှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ သရက်ပင်ချောင်ကျေးရွာ၌ တရားမဝင် စက်သုံးဆီ ဒီဇယ်ဆီ (၉၆)ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ်  ၁,၂၄၈,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ယင်းနောက် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲ မှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မအူပင်မြို့နယ်နှင့် ဝါးခယ်မ မြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် (၂)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၀,၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ ပုသိမ်မြို့နယ်၊ သစ်ပုတ်ကုန်းကျေးရွာ၌ တရားမဝင် အခြားသစ်(၃ဒသမ၀၄၆)တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၃,၂၇၈)ကို သစ်တောဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၃၃,၂၇၈)ကို ဖမ်းဆီး အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့နောက် မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သထုံမြို့၊ စိုက်ပျိုးရေးသိပ္ပံ(သထုံ)ကျောင်း အနီး၌ လိုင်စင်မဲ့ Honda Fit မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ (၆)လုံး အတွင်းမှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် လုပ်ငန်းသုံးပစ္စည်း (၅)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂၄,၈၀၂,၈၉၃)ကိုလည်းကောင်း၊ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ (၂)လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် လုပ်ငန်းသုံးပစ္စည်း (၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂,၆၀၀,၀၀၀)ကိုလည်းကောင်း၊ သီလဝါ ဆိပ်ကမ်း၌ ကုန်သေတ္တာ(၃)လုံး အတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း (၅)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၇,၉၁၅,၀၀၀)ကိုလည်းကောင်း၊ ရွာသာကြီး Dry Port ၌ Bonded Warehouse အတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် လုပ်ငန်းသုံး ပစ္စည်း (၅)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉,၄၀၄,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၇၄,၇၂၁,၈၉၃)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ဖေဖော်ဝါရီ ၁၉ ရက်တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၂၈)မှု၊ (ခန့်မှန်း တန်ဖိုးငွေကျပ် ၉၁၂,၈၄၇,၅၄၆)ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင်ကုန်သွယ်မှုများကြောင့် အသေးစား၊ အငယ်စားနှင့်အလတ်စား ပြည်တွင်းစီးပွားရေးလုပ်ငန်းများမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများ စျေးကွက် အတွင်း မျှတစွာ ယှဉ်ပြိုင်နိုင်မှု မရှိခြင်းနှင့် စျေးကွက်ပျောက်ဆုံးခြင်းတို့ ဖြစ်ပေါ်စေပြီး ပြည်တွင်း ကုန်ထုတ်လုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရေးအတွက် ကြီးမားသည့် ခြိမ်းခြောက်မှုများကို ဖြစ်ပေါ် စေသည်။ သို့ဖြစ်ပါ၍ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ယခုထက် ပိုမို၍ တားဆီးစစ်ဆေး ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်