နေပြည်တော် ဒီဇင်ဘာ ၁၂
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
ဒီဇင်ဘာ ၁၀ ရက်တွင် ဧရာဝတီတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ တရားမဝင်အခြားသစ် (၁၁.၇၇၁) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၆၂၄,၅၇၂)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါသည်။
ထို့အတူ ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ တရားမဝင် အခြားသစ် (၅ ဒသမ ၂၄၆) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၂၀,၁၅၀) ကို သစ်တောဥပဒေအရလည်းကောင်း၊ တောင်ဥက္ကလာပမြို့နယ်၊ ဝေဇယန္တာလမ်းမအနီး၌ လိုင်စင်မဲ့ Honda CRZ မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၅၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၀၂၀,၁၅၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၁၀ ရက်တွင် အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ (၁၂) လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း သုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၁၆,၁၆၈,၁၅၆) ကိုလည်းကောင်း၊ ဒီဇင်ဘာ ၁၁ ရက်တွင် မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာရှစ်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း လေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄၁,၅၀၆,၉၀၆)ကို လည်းကောင်း၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ် (ပို့ကုန်) ၌ Country of Origin လွှဲမှားနေသည့် လူသုံးကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၉၉,၃၀၀) ကိုလည်းကောင်း၊ သာကေတဆိပ်ကမ်း၌ ကော့သောင်းမြို့မှ ရန်ကုန်မြို့သို့ ဆိုက်ကပ်လာသော ရေယာဉ်တစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း (၂) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀,၀၇၆,၇၉၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် MV. MCL-18 ရေယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၀၀၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၀၃၇,၈၅၁,၁၅၂) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ဒီဇင်ဘာ ၁၁ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့နယ်၊ ကံတလူ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားမဝင် စက်သုံးဆီ ဓာတ်ဆီ (၁၇၂) ပေပါ (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၂၃,၆၀၈,၉၈၀) ကို ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရလည်းကောင်း၊ စစ်ကိုင်းမြို့၊ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Shacman Dump Truck မြေသယ်ယာဉ် ကိုးစီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၁၇၀,၀၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၂၉၃,၆၀၈,၉၈၀) ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိပါသည်။
ထို့အတူ မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စဉ့်ကိုင်မြို့နယ်၊ ပလိပ်မြို့၊ ပလိပ်မြွေဘုရားအနီး၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း နှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၂,၄၃၃,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၇,၄၃၃,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ကရင်ပြည်နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီ - ထို့ကော်ကိုး - ဒေါ်လန်း -သာယာကုန်းလမ်း၊ ဒေါ်လန်းကျေးရွာအနီး၌ မော်တော်ယာဉ် သုံးစီးပေါ်မှ တရားဝင်စာရွက်စာတမ်း တင်ပြနိုင်ခြင်း မရှိသည့် လုပ်ငန်းသုံးပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၈,၂၀၀,၀၀၀) နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Nissan Condor Truck သုံးစီး ခန့်မှန်းတန်ဖိုးငွေကျပ် ၇၅,၀၀၀,၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၃,၂၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ရှမ်းပြည်နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မူဆယ်မြို့၊ သိန်းသန်းချီကားကွင်းအတွင်း စုပုံထားသော အကောက်ခွန်မဲ့ လူသုံးကုန်ပစ္စည်း ရှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၉၁၂,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာအမှုတွဲ (၃၈) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၈၇၇,၆၄၉,၈၅၄) ကို ဖမ်းဆီးရမိခဲ့ပါသည်။ တရားမဝင်တင်သွင်းမှုများကြောင့် နိုင်ငံ၏စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များကို အောင်မြင်အောင်ဆောင်ရွက်ရာတွင် သိသာစွာ ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေနိုင်သကဲ့သို့ ရင်းနှီးမြှုပ်နှံမှုကဏ္ဍမှရရှိသည့် အခွန်အခများ၊ တရားဝင် အလုပ်အကိုင် အခွင့်အလမ်းများ၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များအပေါ် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေနိုင်ပါသည်။ သို့ဖြစ်ပါ၍ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ယခုထက်ပိုမို၍ တားဆီးစစ်ဆေး ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်