နေပြည်တော်၊ စက်တင်ဘာ ၂၉
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၂၈ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကျွဲတပ်ဆုံ စစ်ဆေးရေးစခန်း၌ ရန်ကုန်မြို့မှ အေးသာယာမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် တစ်စီးပေါ်မှ တရားမဝင် စက်သုံးဆီ ဒီဇယ်ဆီ (၁၇၆) ပေပါ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၂,၆၀၀,၉၃၀)၊ အဆိုပါ စက်သုံးဆီများ တင်ဆောင်လာသည့် UD Tractor Head တစ်စီးနှင့် ဆီသယ်နောက်တွဲယာဉ် တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၆,၀၀၀,၀၀၀) နှင့် ပြင်ဦးလွင်မြို့၊ (၂၁) မိုင်အကျော်၊ ညောင်ပေါကျေးရွာ လမ်းဘေး၌ စုပုံထားသော အကောက်ခွန်မဲ့ လုပ်ငန်းသုံးပစ္စည်း နှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၁၁၄,၂၀၀) တို့ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် (၃၅၄/၇) အနီး၌ ရပ်တန့်ထားသော မော်တော်ယာဉ်တစ်စီးပေါ်မှ တရားမဝင် အခြားသစ် (၁၂ ဒသမ ၆၈၀) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၃၇၁,၃၄၀) နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် Shwe Chan Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅,၀၀၀,၀၀၀) ကို သစ်တောဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၀,၀၈၆,၄၇၀)ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက် ရှိသည်။
စက်တင်ဘာ ၂၉ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်နှင့် ညောင်လေးပင် ခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် (၃ ဒသမ ၇၅၈)တန်၊ သစ်မာ (၀ ဒသမ ၄၇၄)တန်၊ အခြားသစ် (၂.၆၄၁) တန် စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၃၃၁,၈၉၈)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့၊ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်နှင့် ကံတလူပူးပေါင်းစစ်ဆေးရေးဂိတ်တို့၌လိုင်စင်မဲ့ မော်တော်ယာဉ်လေးစီး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄,၀၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ရခိုင်ပြည်နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်တွေမြို့နယ်၊ မြို့သူကြီးရပ်ကွက်၌ တရားမဝင် စက်သုံးဆီ ဓာတ်ဆီ (၁၃) ပေပါ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၃၇၉,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ စက်တင်ဘာ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၂) မှု၊ (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၄၄,၇၉၇,၃၆၈) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်