နေပြည်တော်၊      ဇူလိုင်     ၂

 

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇွန် ၂၈ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးသည်(၁)ဦး၏ ဝန်စည်တစ်ခုအတွင်းမှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Cosmetic မျိုးစုံ(၉၉)ဘူး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀၀,၀၀၀) ကိုလည်းကောင်း၊ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ(၁)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် တရုတ်နိုင်ငံထုတ် Hand Manual Hydraulic Stacker (၁)ခု (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၀၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၂,၉၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ ဇွန် ၂၈ ရက်တွင် နေပြည်တော်ကောင်စီ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ လယ်ဝေးခရိုင် လယ်ဝေးမြို့နယ် အတွင်း၌ တရားမဝင်ကျွန်းသစ်(၂ ဒသမ ၄၃၆)တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၈၃၅,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ဇွန် ၃၀ ရက်တွင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တာချီလိတ်၊ မယ်ယန်းပူးပေါင်း စစ်ဆေးရေးစခန်းအနီး၊ ကျိုင်းတုံလမ်းမကြီးဘေး၌ စုပုံထားရှိသော အကောက်ခွန်မဲ့ပစ္စည်းများဖြစ်သည့် Total တံဆိပ်ပါ Rotary Hummer (၁၁)ခု အပါအဝင် ကုန်ပစ္စည်း(၉)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၂၅၄,၀၀၀)ကို ဖမ်းဆီး ရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဇွန် ၃၀ ရက်တွင် တောင်ငူခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ်(၀ ဒသမ ၂၆၃)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၁,၉၆၈)ကို သစ်တောဥပဒေအရ လည်းကောင်း၊ ဇူလိုင် ၁ ရက်တွင် ပဲခူးခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ်(၀ ဒသမ ၄၂၇)တန်၊ သစ်မာ(၂ ဒသမ ၀၉၅)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၈၀၀,၅၃၆)ကို သစ်တောဥပဒေအရလည်းကောင်း၊ ဝေါမြို့နယ် အဗျားငှက်ချေးဝင်း ကျေးရွာအနီး၌ လိုင်စင်မဲ့ Honda Fit မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၀၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ ဘုရားကြီးမြို့ (Denko) ဆီဆိုင် အနီး၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်မှ သွင်းကုန် ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် Glory Deluxe ခြင်ထောင် (၃၀၀) အပါအဝင် ကုန်ပစ္စည်း(၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃,၀၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Dong Feng Tractor Head (၁)စီးနှင့် နောက်တွဲယာဉ်(၁)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀,၀၀၀,၀၀၀)ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများ အရလည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၂,၀၃၂,၅၀၄)ကို ဖမ်းဆီးအရေးယူဆောင်ရွက် လျက်ရှိသည်။

 

ဇူလိုင် ၁ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပုသိမ်ကြီးမြို့နယ် ဆင်ရွာကြီးနှင့် ကျွဲရေကုန်း ရွာကြား၌ မြစ်ကြီးနားမြို့မှ မန္တလေးမြို့သို့မောင်းနှင်လာသော မော်တော်ယာဉ်(၂)စီးပေါ်မှ တရားဝင် စာရွက် စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသော စားသောက်ကုန်ပစ္စည်းများဖြစ်သည့် တရုတ်နိုင်ငံထုတ် ပုဇွန်လုံး ပင်လယ်စာ ကီလိုဂရမ်(၁၀၀၀၀)နှင့် သက်တံလိပ် ကီလိုဂရမ်(၅၅၀၀) အပါအဝင် ကုန်ပစ္စည်း (၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၂,၅၀၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Condor Van (၁)စီးနှင့် Isuzu Forward Van Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၆,၀၀၀,၀၀၀)ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ ရွှေကျင်စစ်‌‌‌ဆေးရေးစခန်း၌ မော်တော်ယာဉ်(၃)စီးပေါ်မှ တရားမဝင် စက်သုံးဆီ ပရီမီယမ် ဒီဇယ်ဆီဂါလန် (၁၁,၉၆၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၃,၀၄၆,၆၀၀)နှင့် အဆိုပါ စက်သုံးဆီများ တင်ဆောင် လာသည့် Nissan Diesel Truck (၁)စီး၊  စက်မှုဇုန်ထုတ် TT Truck (၁)စီးနှင့် Mitsubishi Fuso Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၅,၀၀၀,၀၀၀)ကို ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေ အရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၆,၅၄၆,၆၀၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက် လျက်ရှိသည်။

 

ဇူလိုင် ၂ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက် ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲ မှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ပထက်ကျွန်း အနောက်ဘက်(၁.၅)မိုင်ခန့်အကွာ၌ စက်လှေ(၁)စီးပေါ်မှ တရားမဝင် အခြားသစ်(၅ ဒသမ ၃၃၈)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၀၆၇,၇၂၀)နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် စက်လှေ(၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၅၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၈၁၇,၇၂၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ပါ၍ ဇွန် ၂၈ ရက်၊ ၃၀ ရက်နှင့် ဇူလိုင် ၁ ရက်၊ ၂ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၁၉)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၆၄,၃၈၅,၈၂၄)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။

(သတင်းစဉ်)