တရားမဝင် သစ်မျိုးစုံ၊  စက်သုံးဆီများ၊ ရေယာဉ်များနှင့် လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော်၊ ဇွန် ၁

 

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေ ၂၉ ရက်တွင် တနင်္သာရီတိုင်း‌ဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်‌ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ဘုတ်ပြင်းမြို့နယ်၊ တနင်္သာရီရေတပ်စခန်းဌာနချုပ် ဦးဆောင်သောအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တရားမဝင် သစ်သား ကိုယ်ထည် ရေယာဉ်(၂)စင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈,၅၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး မြန်မာ့ပင်လယ် ငါးလုပ်ငန်းဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် မေ ၃၁ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ထီးတန်းဆိပ်ကမ်း ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌  တာဝန်ကျအကောက်ခွန်အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ (ID)သက်တမ်းကျော်လွန်ပြီး လာရောက်ထုတ်ယူခြင်းမရှိဘဲ ပိုင်ရှင်မှစွန့်လွှတ်သည့်  Nissan Cabstar  အမျိုးအစား မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀,၇၄၀,၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံး လုပ်နည်းနှင့်အညီ အ‌ရေးယူဆောင်ရွက်လျက်ရှိသည်။

 

ယင်းအပြင် ဇွန် ၁ ရက် တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က မုံရွာမြို့နယ်အတွင်း တရားမဝင် စက်သုံးဆီ (၁၀,၈၄၂) ဂါလန်၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၂,၅၄၀,၀၀၀)ကို ရေနံနှင့် ရေနံထွက်ပစ္စည်းများဆိုင်ရာဥပဒေအရ လည်းကောင်း၊ လိုင်စင်မဲ့ မော်တော်ယာဉ်(၂)စီး (ခန့်မှန်း တန်ဖိုး ငွေကျပ် ၄,၀၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း၊ သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က ကသာမြို့နယ်အတွင်း တရားမဝင် သစ်မျိုးစုံ (၁၁ ဒသမ ၈၉၀၀) တန်၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၇၃၇,၆၆၄)ကို သစ်တောဥပဒေအရ လည်းကောင်း စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၇၈,၂၇၇,၆၆၄)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ပါ၍  မေ ၂၉  ရက်၊ ၃၁ ရက် နှင့် ဇွန် ၁  ရက်များတွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၁၄)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ်  ၁၁၇,၅၁၇,၆၆၄) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။

(သတင်းစဉ်)