တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီနှင့် လူသုံးကုန်ပစ္စည်းများ ဖမ်းဆီးရမိ

နေပြည်တော်၊ မေ ၁၄

 

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေ ၁၃ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ်၊ မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ တာဝန်ကျ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဘားအံမြို့မှ တောင်ငူမြို့သို့ သွားရောက်မည့် ခရီးသည်တင်မှန်လုံယာဉ်(၁)စီးပေါ်၌ ခရီးသည်ဝန်စည်များနှင့် ရောနှောတင်ဆောင် လာသော တရားဝင်စာရွက်စာတမ်း တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် အကောက်ခွန်မဲ့ အလှကုန် ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၃၄၄,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

အလားတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ တာဝန်ကျစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ ID တွင် ကြေငြာထား သည်ထက် ပိုမိုပါရှိလာသော အဝတ်အထည်နှင့် လက်ကိုင်အိတ်များ (ခန့်မှန်းတန်ဖိုး ငွေကျပ် ,၀၉၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ မေ ၁၄ ရက်တွင် စစ်ကိုင်းတိုင်း‌‌ဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က ကန့်ဘလူမြို့နယ်အတွင်း တရားမဝင် ဒီဇယ်နှင့် ချက်ဆီသန့်(၁၅၇၅)ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂,၆၀၀,၀၀၀)ကို ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေအရ လည်းကောင်း၊ တိုင်းဒေသကြီး သစ်တောဦးစီး ဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့များက စစ်ကိုင်းမြို့နယ်အတွင်း တရားမဝင်အင်ခွဲသား (၅ ဒသမ ၈၀၆၂)တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၆,၁၇၂) ကို သစ်တောဥပဒေအရ လည်းကောင်း ဖမ်းဆီးအရေး ယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်း‌ဒေသကြီး သစ်တောဦးစီးဌာန ဦး‌ဆောင်သော ပူးပေါင်းစစ်ဆေး‌ရေးအဖွဲ့က စစ်‌ဆေးမှုများဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်၊ ဘိုင်းဒါးကြိုးဝိုင်းအတွင်း တရားမဝင်ကျွန်းခွဲသားနှင့် ပျဉ်းကတိုးခွဲသား (၁၈ ဒသမ ၂၁၄၄)တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၃,၆၆၂,၉၈၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။

 

သို့ဖြစ်ပါ၍  မေ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၆)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉,၀၆၃,၁၅၂) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

(သတင်းစဉ်)