နေပြည်တော်၊ မေ ၁၂
    
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ် ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေ ၁၀ ရက်တွင် မွန်ပြည်နယ်၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်‌ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာနဦးဆောင်သော စစ်ဆေး‌‌ရေး အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကျိုက်မရောမြို့နယ်၊ ကျိုက်မရော - မုဒုံသွား ကားလမ်းမှတ်တိုင်အမှတ်(၂/၆)အနီး တရားမဝင် ပျဉ်းကတိုးသစ်များ (၁၃.၉၁၅၆)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၇၈၃,၁၂၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
    
အလားတူ မေ ၁၁ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မြန်မာ စက်မှုဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ တာဝန်ကျ အကောက်ခွန်အဖွဲ့က စစ်‌ဆေးမှုများဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ(ID)နှင့် ကိုက်ညီမှန်ကန်မှုမရှိသော Thinner  ဆေးရည်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၅၈၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။ 
    
ထို့အတူ စစ်ကိုင်းတိုင်း‌ဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်‌ဆေးမှုများဆောင်ရွက်ခဲ့ရာ မေ ၁၁ ရက်တွင် ပူးပေါင်းအဖွဲ့က စစ်ကိုင်းမြို့နယ်အတွင်း  တရားမဝင် ကျွန်းခွဲသား (၁ ဒသမ ၄၂၄၄)တန်၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၄၉၅,၆၂၀)ကို သစ်တောဥပဒေအရ လည်းကောင်း၊ မေ ၁၂ ရက်တွင် ‌မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က ရွှေဘို မြို့နယ်အတွင်း Kawasaki Esterlla အမျိုးအစား လိုင်စင်မဲ့ ဆိုင်ကယ်တစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၀၉၅,၆၂၀)ကို ဖမ်းဆီး အရေးယူဆောင်ရွက်လျက်ရှိသည်။
    
ထို့အပြင် မေ ၁၂ ရက်တွင် ကရင်ပြည်နယ်၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်‌ဆေးရေးစခန်း၌ တာဝန်ကျစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် အထည်အလိပ်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၁၆၂,၅၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့် အညီ  အရေးယူ‌ဆောင်ရွက်လျက်ရှိသည်။
    
ယင်းအပြင် ပဲခူးတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ‌ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း တရားမဝင် ကျွန်းခွဲသား (၂ ဒသမ ၉၃၂၂)တန်၊ (ခန့်မှန်း တန်ဖိုးငွေကျပ် ၈၇၉,၆၆၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
    
သို့ဖြစ်ပါ၍  မေ ၁၀ ရက်၊ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၇) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄,၅၀၀,၉၀၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

(သတင်းစဉ်)