နေပြည်တော် ဇူလိုင် ၁၅

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁၂ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မန္တလေး(၁၆)မိုင်ကျောက်ချောစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်(၁)စီးပေါ်မှ လူသုံးကုန်ပစ္စည်းများဖြင့် ဖုံးအုပ်သယ်ဆောင် လာသည့် တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ပိတောက်ခွဲသား (၁ ဒသမ ၁၃၄)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၂၄၇,၄၀၀)နှင့် အဆိုပါသစ်များ တင်ဆောင်လာသော Isuzu Truck မော်တော်ယာဉ်(၁)စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၆,၂၄၇,၄၀၀)ကို  ဖမ်းဆီးရမိခဲ့သဖြင့် အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ ပုသိမ်ကြီး မြို့နယ်၊ သစ်တောဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ ဧရာဝတီမြစ်ဆိပ်ကမ်း တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင်နှင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ကင်းလှည့်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့စဉ် ရတနာပုံ သင်္ဘောကျင်းနှင့် ဂေါဝိန်ဆိပ်ကမ်းကြားတွင် စုပုံထားသော တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် မီးသွေးအိတ်(၁၇၈၂၀)ကီလိုဂရမ်(ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၂၆၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ မဟာအောင်မြေမြို့နယ်၊ သစ်တော ဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့က သတင်းအရ မန္တလေး-လားရှိုးကားလမ်း၊ မိုင်တိုင်အမှတ် (၂၃)မိုင်၌ မူဆယ်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးအား စိစစ်၍ မန္တလေးမြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံး၌ အသေးစိတ် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်ပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသော လျှပ်စစ်ပစ္စည်းများဖြစ်သည့် Circuit Breaker (၂၄၀)ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း (၃၀)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁,၉၄၉,၄၄၁)နှင့် အဆိုပါပစ္စည်းများတင်ဆောင်သော Mitsubishi Fuso Tractor Head(၁)စီးနှင့် နောက်တွဲယာဉ်(၁)တွဲ(ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၆,၉၄၉,၄၄၁)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့် အညီအရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မူဆယ်မြို့မရဲစခန်းမှ ရဲအုပ် ဦးဆောင်သော ပူးပေါင်းအဖွဲ့က မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၊ မြေနီကွင်း ကားဝင်းရှေ့အနီး၌ ပိတ်ဆို့စစ်ဆေးရှာဖွေခြင်း ဆောင်ရွက်နေစဉ် ပြည်ထောင်စုလမ်းမကြီးအတိုင်း စွမ်စော်ရပ်ကွက်ဘက်မှ ပန်ခမ်းကျေးရွာဘက်သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီး၏ နောက်ခန်းတွင် မိုးကာစဖုံးအုပ်ကာ အဝါရောင်ပီနံအိတ်ဖြင့် ထုတ်လျက် သိုဝှက်သယ်ဆောင်လာသည့် ကျောက်စိမ်းဟုယူဆရသော ကျောက်တုံးအပိုင်းအစများ (အရွယ်စုံ၊ဆိုဒ်စုံ)နှင့် ပုတီးစေ့များအား တွေ့ရှိရသဖြင့် မူဆယ်မြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံး၌ အသေးစိတ်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ကျောက်စိမ်းဟု ဟူဆရသော ကျောက်ဖြတ်စ (၉၈)ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း(၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇,၃၉၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

၎င်းအပြင် ဇူလိုင် ၁၃ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ တာဝန်ကျ အကောက်ခွန်အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကုန်သေတ္တာ(၁)လုံးအတွင်းမှ သွင်းကုန်လိုင်စင်တင်ပြနိုင်ခြင်းမရှိသည့် Current Transformer Model-TW1 (၂၁၀)လုံးအပါအဝင် ကုန်ပစ္စည်း(၈)မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၈၉၈,၀၀၀)ကို ဖမ်းဆီး ရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူပင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် အထူးစစ်ဆေးရေးအဖွဲ့က ပဲခူးတိုင်း ဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအကြားတွင် မော်တော်ယာဉ်(၁)စီးအား စိစစ်၍ ရွာသာကြီး Dry Port ၌ အသေးစိတ်စစ်ဆေးခဲ့မှုများ ဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်ပေါ်မှ သွင်းကုန် ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် SECURE Multi-Function Digital Panel Meter Elite 440-445 (၂၀၀)လုံး(ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၀၀၀,၀၀၀)၊ သွင်းကုန်ကြေညာလွှာတွင် ကြေညာထား သည် နှင့် ကွဲလွဲပါရှိလာသည့် Manganese Oxide (၁၀၀၀၀)ကီလိုဂရမ်(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၈၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်သော Hino Profia Truck (၁)စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃,၀၀၀,၀၀၀)၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၅၉,၈၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြို့နယ်သစ်တောဦးစီးဌာန အသီးသီးအလိုက် ဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒိုက်ဦးမြို့နယ်နှင့် ပေါက်ခေါင်းမြို့နယ်အတွင်း တရားမဝင် ကျွန်းသစ်နှင့် အနန်းဘို သစ်ခွဲသား(၄.၁၀၆)တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၄၈၀,၀၂၆)ကို သစ်တောဥပဒေအရ လည်းကောင်း၊ ဒိုက်ဦးမြို့နယ်ရဲစခန်းမှ ဒု-ရဲမှူး ဦးဆောင်သော ပူးပေါင်းအဖွဲ့က ဒိုက်ဦး-စစ်တောင်းကားလမ်း၊ မိုင်တိုင်အမှတ်(၂၁/၃)နှင့်(၂၁/၄)ကြား၌ စစ်ဆေးမှုများဆောင်ရွက်ခဲ့စဉ် ညောင်ခါးရှည်ဘက်မှ ဒိုက်ဦးဘက်သို့ မောင်းနှင်လာသော လိုင်စင်မဲ့ Daihatsu Hijet မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ စုစုပေါင်း(ခန့်မှန်း တန်ဖိုးငွေကျပ် ၈,၄၈၀,၀၂၆)ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဇူလိုင်လ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၁၃)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၃,၀၂၄,၈၆၇)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်