တရားမဝင် သစ်မျိုးစုံ၊ ကျောက်စိမ်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းမျာနှင့်မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် မေ ၂၃

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေလ ၂၁ ရက်နှင့် ၂၃ ရက်တို့တွင် နေပြည်တော်ကောင်စီ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လယ်ဝေး မြို့နယ် နှင့် ဥတ္တရသီရိမြို့နယ်တို့၌ တရားမဝင် ကျွန်းသစ် (၂ ဒသမ ၅၈၈)တန်၊ အခြားသစ် (၀ ဒသမ ၄၇၁)တန်၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၄၈၂,၆၀၃)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မေ ၂၂ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ (၁၆)မိုင် ကျောက်ချောစစ်ဆေးရေးစခန်း၌ မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက် အထား တင်ပြနိုင်ခြင်း မရှိသည့် ကျောက်စိမ်းဟု ယူဆရသော ကျောက်ပုတီးလုံး (၂၄၆၀)ကီလိုဂရမ် နှင့် ကျောက်စိမ်းတုံးကြမ်း ဆိုဒ်စုံ (၂၀၀)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၆,၁၀၀,၀၀၀)၊ အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Isuzu Light Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀)ကို လည်းကောင်း၊ ပြင်ဦးလွင်မြို့၊ ပြင်စာရွာအနီး၌ မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင် စာရွက် စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ကျောက်စိမ်းဟု ယူဆရသော ကျောက်ပုတီးလုံး (၉၈)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၄၃၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Crown (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀)ကိုလည်းကောင်း၊ ကျွဲတပ်ဆုံစစ်‌ဆေးရေး စခန်း၌ မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် တရုတ်နိုင်ငံထုတ် Galvanized Iron Pipe ကီလိုဂရမ် (၁၀၀၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁,၀၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Howo Tractor Head (၁)စီးနှင့် နောက်တွဲယာဉ် (၁)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၁,၀၀၀,၀၀၀)ကိုလည်းကောင်း၊ ရတနာပုံတံတား (မန္တလေး)ပူးပေါင်းစစ်ဆေးရေးစခန်း၌ မော်တော်ယာဉ်(၂)စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက် အထား တင်ပြနိုင်ခြင်း မရှိသည့် အိန္ဒိယနိုင်ငံထုတ် IFFCO ဓါတ်မြေသြဇာ (၄၅)ကီလိုဂရမ်ပါ (၁၀၀၀)အိတ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck (၂)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၆,၀၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၂,၅၃၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မေ ၂၃ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင် အတွင်း၌ တရားမဝင် အခြားသစ် (၀ ဒသမ ၇၉၁)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၉,၈၄၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်၍ မေ ၂၁ ရက်၊ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၃ )မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၄,၂၀၂,၄၄၃)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်