နေပြည်တော်၊ ဒီဇင်ဘာ ၁၆
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၁၃ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မကွေးမြို့၊ ဧရာဝတီတံတား အနီး၌ လိုင်စင်မဲ့ Honda Insight မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့နောက် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၁၃ ရက်တွင် ထားဝယ်မြို့၊ ဝဲကျွန်းထိန်လယ်ရပ်၊ တဂူသိမ်လမ်း၊ အမှတ် (၃၈၆) ၌ တရားမဝင်ခဲမဖြူနှင့် အဖြိုက်နက် သတ္တုဟုယူဆရသော သတ္တု (၃ ဒသမ ၁၅၉) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၄,၇၇၀,၀၀၀) ကို မြန်မာ့သတ္တုတွင်း ဥပဒေအရလည်းကောင်း၊ ဒီဇင်ဘာ ၁၆ ရက်တွင် မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု၊ ခြောက်တခင်းကျေးရွာရှိ ဂိုဒေါင်တစ်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း (၂) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၄၄၇,၀၀၀) ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၅,၂၁၇,၀၀၀) ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၁၅ ရက်တွင် ညောင်လေးပင်ခရိုင်နှင့် သာယာဝတီခရိုင်တို့အတွင်း၌ တရားမဝင်ကျွန်းသစ် (၀ ဒသမ ၆၀၈) တန်၊ သစ်မာ (၀ ဒသမ ၂၀၂) တန်၊ အခြားသစ် (၀ ဒသမ ၈၀၁) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၇,၃၇၂) ကို သစ်တောဥပဒေအရလည်းကောင်း၊ ဒီဇင်ဘာ ၁၆ ရက်တွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၈) ၌ သာမညမှ ရန်ကုန် မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် စားသောက်ကုန်ပစ္စည်း သုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၁၁၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hyundai Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀)ကို အကောက်ခွန် လုပ်ထုံးလုပ်နည်များအရလည်း ကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆,၆၁၇,၃၇၂) ကို ဖမ်းဆီးအရေးယူ ဆောင်ရွက် လျက်ရှိသည်။
ဒီဇင်ဘာ ၁၃ ရက်၊ ၁၅ နှင့် ၁၆ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၇)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၇,၈၃၄,၃၇၂)ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင်ကုန်သွယ်မှုများကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စား ပြည်တွင်းစီးပွားရေးလုပ်ငန်းများမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများ စျေးကွက်အတွင်း မျှတစွာယှဉ်ပြိုင်နိုင်မှု မရှိခြင်းနှင့် စျေးကွက်ပျောက်ဆုံးခြင်းတို့ ဖြစ်ပေါ်စေပြီး ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရေးအတွက် ကြီးမားသည့် ခြိမ်းခြောက်မှုများကို ဖြစ်ပေါ်စေသည်။ သို့ဖြစ်ပါ၍ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ယခုထက် ပိုမို၍ တားဆီးစစ်ဆေး ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်