နေပြည်တော် ဇန်နဝါရီ ၂၆

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ဇန်နဝါရီ ၂၂ ရက်တွင် ရှမ်းပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် လားရှိုးမြို့ရှောင်လမ်း၌ မူဆယ်မြို့မှ မန္တလေးမြို့သို့မောင်းနှင်လာသည့် မော်တော်ယာဉ် (၅) စီး‌ပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက် အထားတင်ပြနိုင်ခြင်းမရှိသည့် Insulating Glass (၁၂၀၁၆) ကီလိုဂရမ်၊ Aluminium Door Frame ကီလိုဂရမ် (၁၇၂၀) ၊ BOROFONE Power Bank (၁၃၂၈)လုံး၊ XDAO Electric Scooter (၃)စီး၊ ပြောင်းဖူးအစေ့ ခြွေစက်(၁)လုံး၊ Essence Detergent ဆပ်ပြာအရည် ဘူး (၄၈၀) ၊ Wai Wai ခေါက်ဆွဲခြောက်ထုပ် (၃၄၂၀) အပါအဝင် ကုန်ပစ္စည်း (၂၇)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၇,၄၁၂,၄၄၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Ranger Truck (၃)စီး၊ Mitsubishi Fuso Truck (၁)စီး၊ Toyota Wish (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၃,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၁၀,၄၁၂,၄၄၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဇန်နဝါရီ ၂၅ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၌ တရားမဝင် အခြားသစ် (၀ ဒသမ ၅၄၄၆) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၃,၇၅၄) ကို သစ်တောဥပဒေအရလည်းကောင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ တရားမဝင်စက်သုံးဆီ ဓါတ်ဆီ ဂါလန် (၄၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄၀,၀၀၀)ကို ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရ လည်းကောင်း၊ အောင်လံခရိုင်၊ အောင်လံမြို့၊ ကန်ကြီးရပ်ကွက်၌ မော်တော်ယာဉ် (၁) စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် နွား (၁၅)ကောင် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၃၀၀,၀၀၀)နှင့် အဆိုပါနွားများ တင်ဆောင်လာသည့် Mitsubishi Canter (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅,၀၀၀,၀၀၀) ကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂,၇၉၃,၇၅၄) ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဇန်နဝါရီ ၂၆ ရက် တွင် ပဲခူးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ရာတွင် တောင်ငူ ခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် (၁၃ ဒသမ ၂၁၁) တန်၊ သစ်မာ (၅ ဒသမ ၉၄၀) တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁,၆၈၉,၇၅၆) ကိုလည်းကောင်း၊ သာယာဝတီခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် (၁ ဒသမ ၅၀၄) တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၇၂,၁၄၄) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂,၃၆၁,၉၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်၍ ဇန်နဝါရီ ၂၂ ရက်၊ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၉)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၅,၅၆၈,၀၉၄) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်