နေပြည်တော် ဇန်နဝါရီ ၆

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ  ဇန်နဝါရီ ၃ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ထီးချိုင့်မြို့နယ်၊ ဧရာဝတီမြစ်အတွင်း၌ တရားမဝင် သစ်မျိုးစုံ (၅ ဒသမ ၇၈၄)တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၄၀,၀၀၀)ကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ 

အလားတူ ဇန်နဝါရီ ၄ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် လယ်ဝေးမြို့နယ်၊ သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ‌ ဆောင်ရွက်ခဲ့ရာ လယ်ဝေးမြို့နယ်အတွင်း တရားမဝင် ကျွန်းခွဲသား (၃ ဒသမ ၈၃၇၄)တန်၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၅၃၂,၆၈၄)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ 

ယင်းအပြင် ဇန်နဝါရီ ၅ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော  ပူးပေါင်းစစ်ဆေးရေး အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပြည်ခရိုင်နှင့် တောင်ငူခရိုင်များအတွင်း တရားမဝင် သစ်မျိုးစုံ (၂ ဒသမ ၇၆၁၄)တန်၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၂,၁၁၄)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ 

ထို့ပြင် ဇန်နဝါရီ ၆  ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ‌ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီး ပေါ်၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် မော်တော်ကား တာယာ (၂၄)လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၄၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်း နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ 

အလားတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ်၊ မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ် (၁)စီးပေါ်၌ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားခြင်းမရှိသော လုပ်ငန်းသုံးပစ္စည်းများနှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁,၉၂၉,၈၄၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဇန်နဝါရီ ၃ ရက်၊ ၄ ရက်၊ ၅ ရက် နှင့် ၆ ရက်များတွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၇)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၇,၄၃၄,၆၃၈ ) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်