နေပြည်တော် စက်တင်ဘာ ၁၃

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ ၁၁ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ထီလုံ-ဘားအံလမ်းရှိ ခမရ (၂၀၂) စစ်ဆေးရေးဂိတ်၌ မော်တော်ယာဉ် (၄)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း(၃)မျိုးနှင့် စားသောက်ကုန်ပစ္စည်း(၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၄,၇၃၀,၀၀၀)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Dump Truck အမျိုးအစား မော်တော်ယာဉ် (၄)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၇၂,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၆,၇၃၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ စက်တင်ဘာ ၁၁ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၌ တရားမဝင် အခြားသစ် (၁၉ ဒသမ ၅၆၀)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၀၉၀,၅၇၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် စက်တင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ  ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ မော်တော်ယာဉ်(၆)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း(၄)မျိုးနှင့် လူသုံးကုန်ပစ္စည်း(၂)မျိုး၊ စားသောက်ကုန်ပစ္စည်း(၂)မျိုး (ခန့်မှန်း တန်ဖိုး ငွေကျပ် ၄၃,၆၅၅,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Foton Truck (၂)စီး၊ Express Bus (၂)စီး၊ Mitsubishi Fuso Truck (၁)စီးနှင့် Nissan Condor Truck (၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၆၀,၀၀၀,၀၀၀)ကိုလည်းကောင်း၊ ‌အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ (၁၂)လုံး အတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း (၂)မျိုး၊ လုပ်ငန်းသုံးပစ္စည်း (၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၆,၆၂၄,၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၆၀,၂၇၉,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့အပြင် စက်တင်ဘာ ၁၂ ရက်တွင် မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မော်လမြိုင်ခရိုင်နှင့် သထုံခရိုင် တို့အတွင်း၌ လိုင်စင်မဲ့မော်တော်ယာဉ်(၃)စီးနှင့် မော်တော်ဆိုင်ကယ်(၃)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅,၅၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ သံဖြူဇရပ်မြို့နယ်၊ ဝယ်သွန်ချောင်ကျေးရွာ၌ တရားမဝင် စက်သုံးဆီ ဓာတ်ဆီ (၂)ပေပါနှင့် ဒီဇယ်ဆီ (၁)ပေပါ (ခန့်မှန်း တန်ဖိုးငွေကျပ် ၂,၇၂၀,၀၀၀)ကို ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၈,၂၂၀,၀၀၀) ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ညောင်ခါးရှည် X-Ray စက် စစ်ဆေးရေး ဂိတ်၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီး ပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း (၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၈၄၀,၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Yutong Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၃,၈၄၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ချောက်ခရိုင်၊ မင်းဘူးခရိုင်နှင့် သရက် ခရိုင်တို့အတွင်း၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်(၄)စီး စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၅၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အပြင် စက်တင်ဘာ ၁၃ ရက်တွင် နေပြည်တော်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၌ တရားမဝင် ကျွန်းသစ် (၁ ဒသမ ၃၄၆)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၁၈၄,၄၈၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ပါ၍ စက်တင်ဘာ ၁၁ ရက်၊ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၄၆)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၀၀၂,၈၄၄,၀၅၀)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။

(သတင်းစဉ်)