နေပြည်တော်၊ ဇူလိုင် ၂၉

 

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၂၅ ရက်နှင့် ၂၆ ရက် တို့တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ တစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာပါရှိလာသည့် Reconditioned Sewing Machines နှစ်လုံး အပါအဝင် ကုန်ပစ္စည်း (၂၈) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆,၇၀၆,၀၀၀) ကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ထိုင်းနိုင်ငံသို့ထွက်ခွာမည့် ခရီးသည်တစ်ဦး၏ ဝန်စည်အတွင်းမှ တရားဝင် တင်ပို့ခွင့် အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ရွှေဟုယူဆရသော ၁၀ ကျပ်သားခန့်ရှိ လက်ကောက် (၆) ကွင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၆,၀၀၀,၀၀၀) ကိုလည်းကောင်း၊ ရန်ကုန်လေဆိပ် (ကုန်လှောင်ရုံ) ၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသော အီတလီနိုင်ငံနှင့် ပြင်သစ်နိုင်ငံထုတ် လုပ်ငန်းသုံးပစ္စည်းများဖြစ်သည့် Toothed Wheel နှစ်ခု၊ CVMOT2-CVMOT3 Card Replacement နှစ်ခု၊ Kit Maint E-V တစ်ခု၊ Bearing (၂၀) ခု အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၅၀၀,၀၀၀) ကိုလည်းကောင်း၊ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ မောတောင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်နှစ်စီးပေါ်မှ သွင်းကုန် ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့် ထိုင်းနိုင်ငံထုတ် My Boy နို့ဆီနှင့် နို့စိမ်း (၃၁၉၂၀) ဘူး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇,၅၃၁,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Chenglong Tractor Head တစ်စီး၊ Dong Feng Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်နှစ်တွဲ (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၂၅,၀၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၆၀,၇၃၇,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

 

ထို့အပြင် ဇူလိုင်လ ၂၆ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်‌ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်တွင်းကြီး မြို့နယ်၊ သဲကောကျေးရွာအနီး၌ တရားမဝင် ကျွန်းသစ် (၀ ဒသမ ၅၉၁) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၅,၁၂၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အပြင် ဇူလိုင်လ ၂၈ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်‌ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကျွဲတပ်ဆုံ စစ်ဆေးရေးစခန်း၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထွက် ကြက်သွန်ဖြူ (၁၂) ကီလိုဂရမ်ပါ (၆၅၀) အိတ် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၅,၆၀၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀,၆၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက် ရှိသည်။

 

 

 

ထို့အပြင် ဇူလိုင် ၂၈ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်‌ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့၊

ရတနာပုံတံတား စစ်ဆေးရေးဂိတ်၌ တရားဝင်စာရွက်စာတမ်း အ‌ထောက်အထား တင်ပြနိုင်ခြင်း မရှိသော တရုတ်နိုင်ငံထုတ် ကြက်ဖင်စီဘူး (၃၉၉၉၆) ထုပ် အပါအဝင် စားသောက်ကုန်ပစ္စည်း သုံးမျိုး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁,၀၁၄,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ပါ၍ ဇူလိုင် ၂၅ ရက်၊ ၂၆ ရက်နှင့် ၂၈ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၅)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၂,၇၅၆,၁၂၀)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

 

သတင်းစဉ်