နေပြည်တော်    သြဂုတ်    ၁၃

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ
သြဂုတ် ၁၀ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ(၃)လုံး အတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် တရုတ်နိုင်ငံထုတ်ကြွေပန်းကန် (၇၆၈၃) ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း(၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄,၆၁၉,၁၄၀)ကို လည်းကောင်း၊ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် မလေးရှား နိုင်ငံထုတ် ပုဇွန်တစ်ကောင်စားအုန်းဆီ(၁၈)လီတာပါပုံး(၁၄၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၀၀၀,၀၀၀ )နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Asia Star Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅,၀၀၀,၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၆,၆၁၉,၁၄၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် ပဲခူးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သြဂုတ် ၁၁ ရက်တွင် ဘုရားကြီးမြို့၊ မြို့အဝင်၌ သထုံမြို့မှ ပဲခူးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် မလေးရှားနိုင်ငံထုတ် ပုဇွန်တစ်ကောင် စားအုန်း ဆီ(၁၈)လီတာပါ ပုံး(၁၂၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၀၀၀,၀၀၀)၊ အဆိုပါပစ္စည်းများ တင်ဆောင် လာသည့် Mitsubishi Canter (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀)နှင့် တောင်ငူမြို့၊ ဘုရင့်နောင်စျေး၊ ရွှေခေတ်မန်းကားဂိတ်အနီး၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ပုဇွန် တစ်ကောင်စားအုန်းဆီ (၁၈)လီတာပါ ပုံး(၅၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၅၀၀,၀၀၀)တို့ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ သြဂုတ်လ ၁၂ ရက်တွင် တောင်ငူခရိုင်အတွင်း၌ တရားမဝင် အခြားသစ် (၂ ဒသမ ၀၆၇)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၁,၁၃၉)ကို သစ်တော ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၈,၇၈၁,၁၃၉)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

အလားတူ သြဂုတ် ၁၂ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့၊ ကံတလူပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Toyota Harrier မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၅,၀၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

 

ထို့အတူ သြဂုတ် ၁၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သင်္ဃကျွန်း မြို့နယ်၌ လိုင်စင်မဲ့ Toyota Corolla မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၅၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိ သည်။

 

သို့ဖြစ်၍ သြဂုတ် ၁၀ ရက်၊ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၉)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၃,၉၀၀,၂၇၉)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

(သတင်းစဉ်)